test1

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြင့် တရားစွဲဆိုခံထားရသည့် ကိုဘုန်းမြင့်ကျော် ဖမ်းဆီးခံရ


Western News – ခိုင်ဇော်ထွန်း

ဇန်နဝါရီ ၅ ရက်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်(ဗကသ)၏ ဗဟိုအမှုဆောင်အဖွဲ့ဝင် ကျောင်းသားထုအခွင့်အရေးကာကွယ် ရေးတာဝန်ခံ ကိုဘုန်းမြင့်ကျော်ကို ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည်ပိုင်းအချိန်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ကိုဘုန်းမြင့်ကျော်မှာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်းက ပြည်တွင်းစစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့မှု ကြောင့် တရားစွဲဆိုခံထားရပြီး ယနေ့ နေ့လည်ပိုင်းက သူငယ်ချင်းတစ်ဦး၏ နေအိမ်တွင်ရှိနေစဉ် မန္တလေးမှ ချမ်းအေးသာစံ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်(ဗကသ) ၏ ဒု-ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးက Western News ကိုပြောသည်။

ဒီနေ့လည်ကပဲ ဖမ်းဆီးခံခဲ့ရတာ။ အမှုကတော့ စက်တင်ဘာလတုန်းက မန္တလေးမှာ စစ်ဆန့်ကျင်ရေးနဲ့ပတ်သတ်တဲ့ စတေကာကမ်ပိန်းလုပ်တဲ့အတွက်ကြောင့် ၅၀၅(က)၊ (ခ)ရယ် ပုဒ်မ (၁၈) တို့နဲ့ သူ့ကို တရားစွဲထားတာဖြစ်တယ်။ အဲဒါကြောင့် ဖမ်းဆီးတာဖြစ်တယ်။ သူ့ကို မန္တလေးက သူ့ သူငယ်ချင်းတစ်ဦးနေအိမ်ကဖမ်းခေါ်သွားတာဖြစ်တယ်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်(ဗကသ) ၏ ဒု-ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုး

အစိုးရမှ ယခုလိုစစ်ဆန့်ကျင်ရေးလုပ်ဆောင်နေသူများကို ဖမ်းဆီးနေခြင်းမှာ ဖမ်းဆီးနေသူများကိုယ်ကိုင်က ပြည်တွင်းစစ်ကို သဘောကျနေ၍ ဖမ်းဆီးနေကြခြင်းဖြစ်ကြောင်းလည်း ကို အောင်ပြည့်စုံဖြိုးကပြောသည်။

ကျွန်တော်တို့ ပြည်တွင်းစစ်ဆန့်ကျင်မှုကြီးလုပ်တယ်ဆိုတာက စစ်ကြောင့်ပြည်သူတွေရဲ့နစ်နာမှုတွေ၊ စစ်ကြောင့်သေဆုံးနေရတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာလို့ ပြည်တွင်းစစ်ကိုဆန့်ကျင်တယ်ဆိုပြီး ကျွန်တော်တို့ကတောင်းဆိုနေရတာဖြစ်တယ်။ ဒါကြောင့် ဒီလိုစစ်ဆန့်ကျင်ရေးလုပ်တဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ အရပ်သားတွေကို တရားစွဲနေတဲ့သူတွေကတော့ ပြည်တွင်းစစ်ကို သူတို့ကိုယ်တိုင် သဘောကျပြီးတော့ ပြည်တွင်းစစ်ကြောင့် အကျိုးအမြတ်ရရှိနေတဲ့သူတွေ၊ ချမ်းသာနေတဲ့သူတွေကပဲ ပြည်တွင်းစစ်မဖြစ်မှာကို မလိုလားလို့ပါပဲ

အောင်ပြည့်စုံဖြိုး

ရခိုင်ပြည်နယ်တွင် စစ်ပွဲများရပ်တန့်ရေးနှင့် အင်တာနက်များပြန်ဖွင့်ပေးရေးတို့အတွက် တောင်းဆိုမှုကြောင့် တရားစွဲဆိုခံရသူ ၆၁ ဦးထိရှိပြီး တရားစွဲဆိုခံရသူများအနက် ၄၅ ဦးမှာ စက်တင်ဘာလ ၁ လအတွင်းတရားစွဲဆိုခံခဲ့ရခြင်းဖြစ်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု အဖွဲ့(အသံ)၏ ဒီဇင်လာလနောက်ဆုံးအပတ် ထုတ်ပြန်ချက်များအရသိရသည်။

ဖမ်းဆီးခံခဲ့ရသည့် ကိုဘုန်းမြင့်ကျော်မှာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်းက မန္တလေးမြို့တွင် စစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့မှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)၊ (ခ)နှင့်ငြိမ်းစုစီ ပုဒ်မ(၁၈) တို့ဖြင့် တရားစွဲဆိုခံထားရခြင်းလည်းဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်