test1

စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု အပြည့် အဝရရှိနိုင်ရန် ဆေးခန်းများလိုအပ်နေ


Western News – အောင်စိုး
ဇန်နဝါရီလ ၁၆ ရက်

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများ၌ ခိုလှုံနေကြရသည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိနိုင်ရန်အတွက် စခန်းအတွင်း၌ ဆေးခန်းများဆောက်လုပ်ပေးရန်လိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူများက Western News ကိုပြောသည်။

မြောက်ဦးမြို့နယ်၏ အထက်ပိုင်းတွင်တည်ရှိသော စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းသည် မြို့ပေါ်နှင့် အလှမ်း‌‌‌ဝေးသည့်အတွက် အရေးပေါ်ကျန်းမာရေးချို့ယွင်းမူများဖြစ်လာလျှင် သူနာပြုများမရှိသဖြင့် အခက် အခဲဖြစ် ပေါ်နေသည်ဟု စခန်းတာဝန်ခံ မဥမ္မာနွယ်ကပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်များမှာ အလုပ်အကိုင်မရှိသဖြင့် မြို့ပေါ်ဆေးရုံများ၌ သွားရောက်ပြသရန် အတွက်လည်း ငွေကြေးအခက်အခဲများရှိနေသဖြင့် ၎င်းတို့အတွက်ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀ ရရှိနိုင်ရန် ဆေးခန်းများလိုအပ်နေခြင်းဖြစ်ကြောင်း မဥမ္မာနွယ်ကပြောသည်။

” ကျွန်မတို့စခန်းက မြို့နဲ့အလှမ်း‌ဝေးတယ်။ စခန်းမှာက အသက်ကြီးတွေ၊ မွေးကင်းစ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေအများကြီးရှိနေတယ်။ ညဉ့်အချိန်မှာ သူတို့ကျန်းမာရေးတစ်ခုခုချို့ယွင်းလာရင် ဘယ်သူ တွေကဆေးကုသပေးမှာလဲ။ ပြီးတော့ မြို့ပေါ်တွေကိုသွားပြီးတော့ ဆေးကုသမယ်ဆိုရင်လည်း ပိုက်ဆံကမရှိကြဘူး။ ဒီတော့ သူတို့ကျန်းမာရေးအတွက် စခန်းမှာဆေးခန်း ဆောက်လုပ်ပေးဖို့လိုတယ်” ဟု ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၇၅၅ စု၊ ကျား ၁၉၃၀ ဦး၊ မ ၁၉၇၁ ဦးရှိပြီး စုစုပေါင်းလူဦးရေ ၃၉၀၁ ဦးရှိသည်။အလားတူ ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များ၏ ကျန်းမာရေးနှင့်ပတ်သက်၍ အနီးအနားရှိသရက်တစ်ပင်ကျေးရွာ၏ ကျေးလက်ကျန်းမာရေးဌာခွဲမှ သူနာပြု ၂ ဦးမှာ တစ်ပတ်လျင်သုံးရက်လာရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိနေသည်ဟု စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်ကပြောသည်။

သို့သော်လည်း မိမိတို့စစ်ဘေးရှောင်စခန်းတွင် လူဦးရေမှာ ၄၁၄၄ ဦးရှိသောကြောင့် သူနာပြုနှစ်ဦးနှင့် လုံလောက်မူမရှိကြောင်း၊ ညဉ့်အချိန်တွင် စစ်ဘေးရှောင်များမှာကျန်းမာရေး အရေးပေါ်ဖြစ်ပေါ်လာလျင် အချိန်မှီကုသမူပေးနိုင်ရန်အတွက် ဆေးခန်းများလိုအပ်နေသည်ဟု ဦးခိုင်မျိုးအောင်ကဆိုသည်။

“ စခန်းကို‌တော့တစ်ပတ်မှာသုံးရက် သူနာပြု နှစ်ဦးလာလို့ကျန်းမာရေးစောင့်ရှောက်မှုတော့ပေးတယ်။ ဒါပေမဲ့ စခန်းမှာကလူတွေများတော့ သူတို့သုံးယောက်နဲ့ဘယ်လိုလုံလောက်မှာလည်း၊ ညည့်အချိန်မှာသာ စခန်းမှာ အရေးပေါ်ဖြစ်လာရင် မလွယ်ဘူး။ အသက်အန္တရာယ်စိုးရိမ်ရတယ်။ ဘာပဲဖြစ်ဖြစ်ဆေးခန်းတစ်ခုတော့ ဆောက်ပေး သင့်တယ်။” ဟု ပြောသည်။

မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းတို့တွင်လည်း သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင် များအတွက် ကာကွယ်ဆေးများထိုးပေးရန်လိုအပ်နေသော်လည်း သက်ဆိုင်ရာကျန်းမာရေးဌာန မှလာရောက် ဆေးထိုးနှံပေးမူများမရှိကြောင်း စခန်းတာဝန်ခံ ဆရာတော် သဘာဝနဒီကမိန့်သည်။

ယင်းအပြင် ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတို့၌ ခိုလှုံနေကြသော စစ်ဘေးဒုက္ခသည်များ ကျန်းမာ ရေးအရေးပေါ်ဖြစ်ပေါ်လာလျင် လူမူရေးအဖွဲ့အစည်းများကသွားရောက်ယူဆောင်ပြီး နီးစပ်ရာ‌ဆေးရုံများသို့ အချိန်မီရောက်ရှိရန် ကူညီဆောင်ရွက်နေရသည်ဟု စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ ကိုဘက္ကာကပြောသည်။

“ အဓိကတော့ စစ်ဘေးရှောင်တွေရဲ့ကျန်းမာရေးအတွက်ကတော့ လူမူရေးအဖွဲ့အစည်းတွေကပဲ ကူညီပေးနေ ရတာ။ နယ်မှာရှိတဲ့ စခန်းတွေကိုသွားရောက်ဆေးကုသပေးဖို့ကအစိုးရမှာ ကျန်းမာရေးဝန်ထမ်းတွေက မလုံလောက်ဘူးလေ။ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ကျွန်တော်တို့အဖွဲ့က သွားရောက်ကူညီပေးနေရတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်စခန်းများအတွက် ကျန်းမာရေးစောင့်ရှောက်မူများနှင့် ပတ်သက်၍ မြို့နယ်အလိုက် ကျန်းမာရေး စောင့်ရှောက်ပေးမှုများ၊ ကျန်းမာရေးပညာပေးရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးပေးသည့် လုပ်ငန်းများကို စီစဉ်ဆောက်ရွက်ပေးလျက်ရှိသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

“ ကျွန်တော်တို့က မြို့နယ်အလိုက်စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ကာကွယ်ဆေးထိုးပေးတာတွေ၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးထားတယ်” ဟု ပြောသည်။

သို့သော်လည်း လက်ရှိမြေပြင်အခြေအနေ၌ မြို့နယ်အသီးသီးရှိ စစ်ဘေးရှောင် စခန်းများတွင် ကျန်းမာရေးဌာန အနေဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးမူများ၊ အသိပညာပေးမူများဆောင်ရွက်ပေးခြင်းမရှိဟု စခန်းတာဝန်ခံ များက‌ ပြောဆိုနေကြသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှာ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၈ ခု၊ ကျောက်‌တော်မြို့နယ်တွင် ၁၉ ခု၊ မြောက်ဦးမြို့နယ်တွင် ၂၇ ခု၊ မင်းပြားမြို့နယ်တွင် ၈ ခု၊ မြေပုံမြို့နယ်တွင် ၁၃ ခု၊ အမ်းမြို့နယ်တွင် ၂ ခု၊ ပေါတောမြို့နယ်တွင် ၂ ခု၊ ဘူးသီးတောင်မြို့နယ်တွင် ၉ ခု၊ ရသေ့တောင်မြို့နယ်တွင် ၃၄ ခုနှင့် စစ်တွေမြို့နယ်တွင် ၂၆ ခု စုစုပေါင်းရခိုင်ပြည်တွင် စစ်ဘေးရှောင်စခန်း ၁၄၈ ခုရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC၏ မှတ်တမ်းများအရသိရသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်