test1

ရခိုင်ပြည်သူ ၇၅ ရာခိုင်နှုန်းမှာ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေဟု ANP ပြော


Western News – ထွန်းလှ
ဇန်နဝါရီလ ၁၅ ရက်

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်နှင့် ကျေးရွာအုပ်စု ၁၄၀ ကျော်၌ ရွေးကောက်ပွဲ မကျင်းမဘဲ ချန်လှပ်ထားခဲ့သည့်အတွက် ရခိုင်ပြည်သူ ၇၅ ရာခိုင်နှုန်းမှာ နိုင်ငံသားအခွင့် အရေးဆုံးရှုံးနေသည်ဟု ရခိုင်အမျိုးသားပါတီ ပြောသည်။

ဒီမိုကရေစီစနစ်ကို လျောက်လှမ်းမည်ဟုကြွေးကြော်ထားသော မြန်မာနိုင်ငံတွင် ရခိုင်ပြည်သူ ၂၅ ရာခိုင်နှုန်း၏ ဆန္ဒမဲဖြင့်သာ လွှတ်တော်အခင်းအကျင်းတစ်ခုကို ဖြတ်သန်းရတော့မည်ဖြစ်ကာ ကျန် ၇၅ ရာခိုင်နှုန်းသော ရခိုင်ပြည်သူများမှာ နိုင်ငံသားတစ်ယောက်၏ မူလအခွင့်အရေးကို ထမ်းဆောင်ခွင့်မရဘဲ ဆုံးရှုံးနေသည်ဟု  ANP  ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က Western News ကိုပြောသည်။

“လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုကို ကျင်းပတဲ့နိုင်ငံတစ်ခုမှာ လွတ်လပ်မှုလည်းမရှိဘူး၊ တရားမျှတမှုလည်းမရှိဘဲနဲ့ မဲဆန္ဒရှင် ၂၅ ရာခိုင်နှုန်းကသာ ဆန္ဒမဲပေးခွင့်ရပြီး ရခိုင်ပြည်နယ်လွှတ်တော် အခင်းအကျင်းကို ဝင်ရောက်ရတော့မှာဖြစ်တယ်။ ကျန် ၇၅ ရာခိုင်နှုန်းက နိုင်ငံသားတွေရဲ့မူလအခွင့်အရေးကို ထမ်းဆောင်ခွင့်မရ၊ နိုင်ငံသားအခွင့်အရေးတွေဆုံးရှုံးတယ်ဆိုတာ သမိုင်းမှာတွင်ကျန်စေမှာဖြစ်တယ်”ဟုပြော သည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပခွင့်ပြုခဲ့သည့် မဲဆန္ဒနယ် ၂၆ ခုတွင် ရခိုင်အမျိုးသားပါတီမှ ၁၆ နေရာမှာ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

ယင်းကဲ့သို့ မဲအများဆုံးအနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီသည် လာမည့်လွှတ်တော် အခင်းအကျင်းတွင် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်ရရှိနိုင်သည်ဟု သုံးသပ်ချက်များရှိသလို ANP ပါတီအနေဖြင့် ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင်နိုင်သည့် အနေအထားတွင် မရှိဟူသည့် သုံးသပ်ချက်များလည်းရှိနေသည်။

အဆိုပါသုံးသပ်ချက်များနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ (ANP) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က“နိုင်ငံရေးပါတီ တစ်ရပ် ထူထောင်ပြီး ရွေးကောက်ပွဲကိုဖြတ်သန်းတယ်ဆိုကတည်းက နိုင်ငံအရေးကိုလုပ် ဖို့အတွက် အရည်အချင်းပြည့်တဲ့သူတွေနဲ့ အားလုံးစီစဉ်ဆောင်ရွက်ပြီးသားဖြစ်တယ်။ သို့သော်လည်း နိုင်ငံရေး ဆိုတာက တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုတဲ့ဆိုရိုးအတိုင်း ဒီနေ့တစ်မျိုး၊ မနက်ဖြန်တစ်မျိုး၊ အချိန်အခါ အလျောက်ပြောင်းနေတဲ့အတွက် ပါတီတစ်ရပ်ရဲ့ စီမံကိန်း၊ စီမံချက်အမျိုးမျိုးကို အကုန်အစင် ထုတ်ပြော ရတာလည်းရှိသလိုထုတ်ပြောဖို့မသင့်တော်သေးတဲ့အချိန်လည်းရှိတယ်” ဟုပြောဆိုသည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ချန်လှပ်ထားခဲ့သောနေရာများတွင် ရွေးကောက်ကွဲပြန်လည်ကျင်းပ ပေးရန် AA နှင့် တပ်မတော်တို့က တိုက်တွန်းတောင်းဆိုထားသော်လည်း မည့်သည့်အဖွဲ့အစည်းကမှ လုံခြုံရေး အာမခံချက်ပေးထားခြင်းမရှိ၍ ရခိုင်တွင်ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ကပြုလုပ်တဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ ခုမှာ ပေါက်တောမြို့နယ်၊ ပုဏ္ဏား ကျွန်းမြို့နယ်၊ရ သေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ကျောက်တော်မြို့နယ်၊ မင်းပြား မြို့နယ်၊မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ် တစ်ခုလုံးကိုလည်းကောင်း၊ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက် (၂)ရပ် ကွက်၊ ကျေးရွာအုပ်စု(၄၉) အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၅)အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄)အုပ်စု နှင့် တောင်ကုတ်မြို့နယ်က ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)စု တို့တွင် ရွေးကောက်ပွဲကျင်းပခဲ့ခြင်းမရှိခဲ့ပေ။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်