test1

စစ်ဘေးရှောင်များ နေရပ်ပြန် နိုင်ရေးအဆိုအတည်ပြု၊ အစိုးရအနေဖြင့် အမြန်ဆုံးအကောင်ထည် ဖော်ဆောင်ရွက်သင့်ဟုဆို


Western News- ခင်သီတာ
ဇန်နဝါရီ ၁၅ ရက်

ရခိုင်ပြည်နယ်ရှိမြို့နယ် အသီးသီး၏ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသည့် စစ်ဘေးရှောင်များအား နေရပ်ပြည်နိုင်ရေးအတွက် ပိုမိုထိရောက်သည့်အကူအညီများပေးသင့်ကြောင်း ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းသည့်အဆိုကို ဇန်နဝါရီ ၁၅ ရက်နေ့ လွှတ်တော် အစည်းအဝေး၌ အတည်ပြုလိုက်ပြီဖြစ်သည်။

၎င်းအဆိုကို ဇန်နဝါရီ ၁၂ ရက်နေ့က ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးလှအောင်ညွှန့်က ထောက်ခံခဲ့သောကြောင့် ယင်းအဆိုအား ဆက်လက်ဆွေးနွေးရန်သဘောတူခဲ့ခြင်းဖြစ်သည်။

ယင်းအဆို ဇန်နဝါရီ ၁၅ ရက်နေ့တွင်ကျင်းပသည် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ထောက်ခံဆွေးခဲ့ကြပြီး ကန့်ကွက်သူမရှိသဖြင့် အဆိုအားလွှတ်တော်တွင် အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

အဆိုနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်၌ အတည်ပြုလိုက်ပြီဖြစ်သည့်အပြင် ပြည်သူများအတွက် အမှန်လိုအပ်နေသည့် အဆိုဖြစ်သည့်အတွက် အစိုးရနေဖြင့် ဥပဒေအရ မဖြစ်မနေ အကောင်အထည်ဖော်ရန် အမြန်ဆုံးဆောင်ရွက် ရန်လိုအပ်သည်ဟု အဆိုရှင်ကဆိုသည်။

“အဆိုကို လွှတ်တော်မှာတည်ပြုလိုက်ပြီဆိုတော့ ဥပဒေအရ အစိုးရအနေနဲ့ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးရမယ်။ ပြီးတော့ ဒီအဆိုဟာ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်တဲ့ အဆိုဖြစ်တယ်။ ဒီအဆိုကို စိုက်ပျိုးရာသီ မိုးရာသီမရောက်ခင် ဆောင်ရွက်နိုင်ရမယ်”ဟု ဦးဦးသန်းနိုင်က ပြောသည်။

စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးကို အဓိက ဦးစားပေးဆောင် ရွက်ရမည့်အပြင် မီးလောင်ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးရန် လိုအပ်ကြောင်းနှင့် အသွား အလာကန့်သတ်မှုများကိုလည်း လျော့ချလုပ်ဆောင်သင့်သည်ဟု ရခိုင်မျိုးနွယ်စုများ အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ထောက်ပြပြော ဆိုသည်။

“အဓိကအချက်ကတော့ မြေမြှပ်မှိုင်းနဲ့ စစ်ကျန်လက်နက်တွေကို ရှင်းလင်းပေးဖို့လိုတယ်။ အဲဒီလိုလုပ်ဆောင်ဖို့ အစိုးရအနေနဲ့ မိုင်းရှင်းလင်းရေးအတွက်အဖွဲ့ ဖွဲ့ပြီးလုပ်ဆောင်သင့်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဒေသခံအဖွဲ့တွေနဲ့ပူးပေါင်း လုပ်ဆောင်ဖို့လို တယ်။ နောက်တစ်ခုက မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်တွေ၊ပျက်စီးသွားတဲ့ နေအိမ်တွေကိုပြန်လည်ဆောက်လုပ်ရမယ်။သူတို့ဘဝ ရပ်တည်နိုင်ဖို့အတွက် ကူညီထောက်ပံ့မှုတွေလည်းလိုတယ်။ ခုတော်တော်များများက စစ်ရှောင်တွေရဲ့ ရွာတွေမှာ အသွားအလာ ကန့်သတ်ထားတာတွေရှိတယ်။ အဲဒီလို ကန့်သတ်မှုတွေကို လျော့ချဖို့လိုတယ်။ သူတို့ဘဝရပ်တည်နိုင်ဖို့အတွက် အကူအညီပေးမဲ့ အဖွဲ့အစည်းတွေကိုလည်း အစိုးရကခွင့်ပြုပေးဖို့ ကန့်သတ်မှုမရှိဖို့လိုတယ်။ ဒါမှ သူတို့နေရပ်ပြန်ဖို့ အဆင်ပြေမယ်”ဟုပြောသည်။


ယင်းပြင် နေရပ်ကိုလုံခြုံစိတ်ချစွာပြန်လည်နေထိုင်ရေးအတွက် တိုက်ပွဲများဆက်မဖြစ်ရန်နှင့် နှစ်ဖက် လက်နက် ကိုင်တပ်ဖွဲ့များမှာလည်း နိုင်ငံတကာအဖွဲ့အစည်းများရှေ့တွင်သဘောတူညီမှုများဖြင့် လက်မှတ်ရေးထိုးနိုင်မှ စစ်ဘေးရှောင်များ မိမိတို့နေရပ်တွင် လုံခြုံစွာ နေနိုင်မည်ဟု ၎င်းကဆက်ပြောသည်။


ရခိုင်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ တပ်မတော်နှင့် ရခိုင့်တပ်တော် AA တို့ တိုက်ပွဲများကြား မီးလောင်ဆုံးရှုံး သွားသည့် နေအိမ်မှာ ၂၀၀၅ ဆောင်ထိရှိသည်ဟု ရခိုင်မျိုးနွယ်စုများအစည်းအရုံး စာရင်းအရ သိသည်။


မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်များကိုလည်း အစိုးရနေဖြင့် စာရင်းသေချာကောက်ယူကာ ပြန်လည်ဆောက် လုပ်ပေးသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုထားသည်။


လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ စစ်ဘေးရှောင်စခန်းနှင့် စခန်းပြင်ပတွင်နေထိုင်သည့် လူဦးရေ မှာ ၁၈၅၆၃၀ ရှိသည်ဟုရခိုင်မျိုးနွယ်စုများအစည်းအရုံး၏ ဇန်နဝါရီ ၁၂ ရက်နေ့ စာရင်းအရသိရသည်။


Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်