test1

လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်ပတ်သတ်၍ ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂမှ ကမ်ပိန်းပြုလုပ်


Western News- ခိုင်ဇော်ထွန်း
ဇန်နဝါရီ ၁၅ ရက်

ရခိုင်ပြည်နယ်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့် ပတ်သတ်၍ ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂမှ လက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းကမ်ပိန်းတစ်ခုကို ဇန်နဝါရီလ ၁၅ ရက် နံနက် ၈ နာရီအချိန်က စစ်တွေမြို့မ ဈေးကြီးတွင် တွင်ပြုလုပ်ခဲ့ကြသည်။

စစ်ဆန့်ကျင်ရေးပြုလုပ်သည့် ကျောင်းသားများကို အမှုများတပ်ဖမ်းဆီးပြီး ကိုဗစ်ကိုအကြောင်းပြကာ ရုံးမထုတ်ခြင်းမှာ တမင်တကာနှိမ်ထားခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုတိုးတိုးအောင် ကပြောသည်။“ပြောရရင်တော့ ရှင်းရှင်းလေးပဲဗျ။ တခြားပြည်မဘက်က ရဲဘော်တစ်ချို့ကိုလည်း အမှုတွေတပ်ပြီးတော့ ထောင်တွေချလိုက်ပေါ့။ ဒါဟာတမင်တကာ နှိမ်တာဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင် လာမှာကိုသိလို့ ဒီလိုမျိုးလုပ်တာဖြစ်တယ်။ PPE ဝတ်ပြီးတော့ ရုံးထုတ်တာတွေအများကြီးရှိတာပဲ။ ပြီးတော့ ရှေ့မှာလည်း ကျွန်တော်တို့ကျောင်းသားတွေ ဖမ်းဆီးခံရတဲ့နောက်ပိုင်းမှာလည်း ရုံးထုတ်တာ တွေရှိတာပဲ။ ဒါကြောင့် ကျွန်တော်တို့ တောင်းဆိုတာဖြစ်တယ်”ဟုကိုတိုးတိုးအောင်ကပြောသည်။

ယင်းအပြင် စစ်ပွဲရပ်တန့်ရန် တောင်းဆိုနေခြင်းမှာ ငြိမ်းချမ်းရေးကို လိုလားသောကြောင့် တောင်းဆိုနေရခြင်း ဖြစ်ပြီး ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူများအတွက် တရားမျှတမှုကို လိုချင်ကြောင်းပြောသည်။

အဆိုပါကမ်ပိန်းပြုလုပ်ခဲ့သည့် လက်ကမ်းစာစောင်ထဲတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စစ်ဆန့်ကျင်ရေး လုပ်ရှား မှုဖြင့် အကျဉ်းထောင်အသီးသီး၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသား များအား ခြွင်းချက်မရှိပြန်လွှတ်ရေး၊ ရခိုင်တိုက်ပွဲအတွင်းပျောက်ဆုံးသွားသော တင်းမကျေးရွာသားများနှင့် အခြားသောလူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် တရားမျှတမှုရရှိရေး၊ 4G အင်တာနက် ပိတ်ထားသော ရခိုင်ပြည်မှမြို့နယ်တစ်ချို့အား 4G အင်တာနက်ပြန်ဖွင့်ပေးရေးနှင့် ကိုဗစ်ကိုအကြောင်းပြ၍ ကျောင်းသားများ အား တရားရုံးတင်စစ်ဆေးခြင်းမပြုဘဲ လပေါင်းများစွာကြာအောင်အကျဉ်းထောင်များ၌ ချုပ်နှောင်ထားခြင်း များအား ချက်ချင်းရပ်တန့်ပေးရေး စသည့်အချက်များပါဝင်ပြီး လက်ကမ်းစာစောင်စာရွက်ပေါင်း ၅၀၀ ကျော်ခန့်ကိုဖြန့်‌‌ဝေခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများရပ်တန့်ရေးနှင့် အင်တာနက်လှိုင်းများပြန်ဖွင့်ပေးရေးတို့အတွက် တောင်းဆိုမှုကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် တရားစွဲဆိုခံရသူ ၆၁ ဦးထိရှိပြီး တရားစွဲဆိုခံရသူများအနက် ၄၅ ဦးမှာ စက်တင်ဘာလ ၁ လအတွင်း တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ကြောင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှု အဖွဲ့(အသံ)၏ ဒီဇင်ဘာလနောက်ဆုံးအပတ် ထုတ်ပြန်ချက်များအရသိရသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်