test1

စစ်ကျန်လက်နက်များနှင့် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ရခိုင်တွင်သေဆုံးမှုမြင့်တက်နေသည့်အတွက် မိုင်းအန္တရာယ် အသိပေးမှုများဆောင်ရွက်နေ


Western News – ခင်သီတာ
ဇန်နဝါရီ ၁၆ ရက်

ရခိုင်ပြည်နယ်တွင် စစ်ကျန်လက်နက်များနှင့် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် မကြာခဏသေဆုံးမှုများရှိနေသည့် အတွက် ရခိုင်မျိုးနွယ်စုများအစည်းအရုံး REC နှင့် ဝံလက်ဖောင်ဒေးရှင်းမှ စစ်ပွဲဖြစ်ပွားရာဒေသများနှင့် စစ်ဘေး ရှောင်စခန်းများတွင် မိုင်းအန္တရာယ်အသိပေးမှုများကိုလုပ်ဆောင်နေကြသည်။

ရခိုင်မျိုးနွယ်စုများအစည်းအရုံးအနေဖြင့် ရခိုင်ပြည်နယ်ရှိ စစ်ပွဲကြားထဲတွင်နေထိုင်ရသည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊မြေပုံစသည့် (၆)မြို့နယ်မှ လူပေါင်း ၆၀၀၀ ကျော်ကို USAID၏ထောက်ပံ့ငွေ အကူအညီဖြင့် အသိပညာပေးမှုများလုပ်ဆောင်လျက်ရှိကြောင်း အထွေထွေ အတွင်းရေးမှုး ကိုဇော်ဇော်ထွန်းက ပြောသည်။

“ကျွန်တော်တို့ ခုလက်ရှိ ရခိုင်ကမြို့နယ် ၆ မြို့နယ်က လူဦးရေ ၆၀၀၀ ကျော်ကို မိုင်းအန္တရာယ် အသိပေးမှုတွေ ဆောင်ရွက်နေပါပြီ။ စစ်ပွဲတွေကြားထဲမှာ နေထိုင်နေကြရတဲ့ လူတွေကို ကျွန်တော်တို့က ရည်ရွယ်ပြီး ကျား/မ ကလေး အကုန်လုံးကို အသိပညာပေးမှုဆောင်ရွက်နေပါပြီ။တော်တော်များများ အသိပညာပေးမှုကို ကျွန်တော်တို့ ဆောင်ရွက်ပြီးနေပြပြီ။ USAID ရဲ့ ထောက်ပံ့ငွေအကူအညီနဲ့ပေါ့နော်”ဟုပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေသော ဝံလက်ဖောင်ဒေးရှင်းမှဦးဆောင်ကာ စစ်ဘေးရှောင်ဒုက္ခ သည် စခန်း ၄ခုတွင် ဇန်နဝါရီ ၁၄ ရက်နေ့က မိုင်းနှင့်ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းများ အသိပညာပေး မှု တစ်ရပ်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးမှုကို ပုဏ္ဏားကျွန်းမြို့နယ်မှ အထက်မြက်လှဲစစ်ဘေးရှောင်စခန်း၊ ဗန်းဗွီးစစ်ဘေးရှောင်စခန်းနှင့် ကျောက်တော်မြို့နယ် ဝါးတောင် စစ်ဘေးရှောင် စစ်ဘေးရှောင်စခန်း၊ တောင်းမင်းစစ်ဘေးရှောင်စခန်းတို့ တွင် လုပ်ဆောင်ခဲ့ကြောင်း ဝံလက်ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက Western Newsသို့ ပြောသည်။

တောတောင်ကိုအမှီပြုကာလုပ်ကိုင်စားသောက်နေသည့် စစ်ရှောင်စခန်းများတွင် ဝါးခုတ်၊ ထင်းခုတ်၊ တောင်ယာ သီးနှံများစိုက်ပျိုးသည့် လုပ်ငန်းကိုလုပ်ကိုင်နေကြသည့် အခါမိုင်းတွေရှိနေနိုင်တဲ့အတွက် အခုလိုမိုင်းနဲ့ ပတ်သတ် တဲ့ အသိပေးတာကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဦးခိုင်ကောင်းစံကပြောသည်။

“အဓိကကတော့ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကို အသိပေးတာပေါ့နော်။ ဒုက္ခသည်စခခန်းက လူတွေ ဟာ ဝါးခုတ်တယ်၊ပြီးတော့ သီးနှံတွေခူးတယ်၊မျှစ်တွေခူးတယ်၊ ထင်းခုတ်တယ် စတာတွေကို လုပ်ဆောင်တဲ့အခါ မိုင်းတွေရှိနိုင်တယ်။ အဲ့ဒါကြောင့် အသိပညာပေးခြင်းကို လုပ်ဆောင်ရခြင်း ဖြစ်တယ်။ အထက်မြတ်လှဲ၊ ဗန်းဗွီးပြီး တော့ ဝါးတောင်နဲ့ တောင်မင်း စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အသိပညာပေးမှု လုပ်ဆောင်ခဲ့တာပါ”ဟုပြောသည်။

ရခိုင်ဒေသတွင် စစ်ပွဲနှင့်ပတ်သတ်၍ မိုင်းရှင်းရေးလုပ်ဆောင်ရန် အများကြီးလိုအပ်ကြောင်းနှင့်အစိုးရအနေဖြင့် မိုင်းအန္တရာယ်ကြောင့် ကိုယ်အင်္ဂါပျက်စီးသွားသည့် လူများရှိနေသည့်အတွက် မိုင်းနှင့်ပတ်သတ်သည့် အသိပညာ ပေးအဖွဲ့အစည်းများ လိုအပ်သည့်အပြင် ကိုယ်လက်အင်္ဂါပျက်သွားသူများကိုလည်း အသက်မွေး ဝမ်းကျောင်းအတွက် လုပ်ဆောင်ပေး သင့်ကြောင်းလည်း ဦးခိုင်ကောင်းစံ ကထောက်ပြသည်။

ယခုလို အပစ်အခဲရပ်စဲထားသည့် ကာလတွင် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရအနေဖြင့် မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်မှသာလျှင် စစ်ရှောင်များ နေရပ်ပြန်သည့်အခါ လုံခြုံစိတ်ချစွာ နေနိုင်မည်ဟုလည်း ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒေသများတွင် မိုင်းပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် အပြင် ထိခိုက်ဒဏ်ရာရရှိမှုများမှာလည်းများပြားလာသည်။

အစိုးရအနေဖြင့် စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းရေးလုပ်ငန်းများကို အဓိက လုပ်ဆောင် ပေးရမည့် အဆိုကိုလည်း လွှတ်တော်တွင် အတည်ပြုခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်ကလည်း ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ တောထဲတွင် ထင်းခုတ်သွားစဉ် မိုင်းပေါက်ကွဲကာ ပြင်းထန်သော ဒဏ်ရာများရရှိကာ စစ်တွေဆေးရုံသို့ ယူဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကျန်လက်နက်များပေါက်ကွဲခြင်း၊မြေမြုပ်မိုင်းပေါက်ကွဲခြင်းကြောင့် အသက်ဆုံးရှုံး ခဲ့ကြရသည့် ဒေခံပြည်သူ ၃၃ ဦးထိရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသွားသူမှာ ၆၆ ဦးထိ ရှိသည်ဟု ရခိုင်မျိုးနွယ်စုများ အစည်းအရုံး၏ မှတ်တမ်းအရသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်