test1

ကျောက်တော်မြို့နယ် ခဘော်ကျေးရွာမှ မိုင်းထိလူနာအမျိုးသမီး သေဆုံး


Western News-ဇင်သန့်
ဇန်ဝါရီလ ၁၈ ရက်

ကျေးရွာအနီးတောထဲသို့ ထင်းခုတ်ရန်သွားစဉ် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်ဖြင့် စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ အမျိုးသမီးမှာ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁ နာရီအချိန်၌ သေဆုံးသွားကြောင်းသိရသည်။

အဆိုပါ အသက် ၄၃ နှစ်အရွယ် ဒေါ်ခိုင်စံမေမှာ အဖော်များနှင့် တောထဲသို့ ထင်ခုတ်ရန်သွားစဉ် မိုင်းပေါက်ကွဲ သဖြင့် ခြေထောက်၊ မျက်လုံး၊ ဝမ်းဗိုက်၊လည်ပင်းတို့၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ညဉ့် ၁ နာရီနီးပါးမှာဆုံးတယ်။ ဒဏ်ရာကြောင့်ပဲဆုံးသွားတာ။ သူ့မှာက မျက်လုံးနှစ်ဖက်၊ လည်ချောင်းကဖောက်သွားတယ်။ ဝမ်းဗိုက်ပြီးတော့ ညာခြေကျိုးတယ်။ ဘယ်လက်ကျိုးတယ်။ အခု ညာခြေနဲ့ ဘယ်လက်ကျိုးတာကို မလုပ်ရသေးခင်ဆုံးသွားတာ။ ဒီနေ့ သင်္ဂြိုလ်မည့်ကိစ္စကို အခုဆောင်ရွက်နေတယ်”ဟု ကူညီဆောင်ရွက်ပေးနေသည့် ဦးသန်းထွန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် မိုင်းနှင့် စစ်လက်ကျန်လက်နက်များ မကြာခဏပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိမှုများ မြင့်တက်နေပြီး ဇန်နဝါရီလ ၁၂ ရက်နေ့က ပလက်ဝမြို့နယ်၊ မောင်မောင်ကျေးရွာအနီး ဝါးခုတ်ရန်သွားသည့် အမျိုးသမီး ၁ ဦး မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကာ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးကို ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ၁ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကျန်လက်နက်များပေါက်ကွဲခြင်း၊မြေမြုပ်မိုင်းပေါက်ကွဲခြင်းကြောင့် အသက်ဆုံးရှုံး ခဲ့ကြရသည့် ဒေခံပြည်သူ ၃၃ ဦးထိရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသွားသူမှာ ၆၆ ဦးထိ ရှိသည်ဟု ရခိုင်မျိုးနွယ်စုများ အစည်းအရုံး၏ မှတ်တမ်းအရသိရသည်။

Western News-WN
ဓာတ်ပုံ-သန်းထွန်း

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်