test1

ရခိုင်နှင့် မွတ်စလင်များအတွက် ဆောင်းရာသီအနွေးထည်ဝယ်ရန် အတိုင်ပင်ခံရုံးမှ သိန်း ၆၀၀ ကျော်လှူဒါန်း


Western News – ခိုင်ဇော်ထွန်း
ဇန်နဝါရီ ၁၇ ရက်

ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များနှင့် မွတ်စလင် အိမ်ထောင်စု ၁၅၀၀၀ ကျော်အတွက် ဆောင်းရာသီ အနွေးထည်ဝယ်ယူရန် ဇန်နဝါရီလ ၁၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သိန်း ၆၀၀ ကျော်လှူဒါန်းခဲ့ ကြောင်းသိရှိရသည်။

ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသများမှ ရခိုင် နှင့် မွတ်ဆလင် IDP စခန်းများတွင်ရှိသည့် အသိုင်းအဝန်း ၂ ခုစလုံးမှ မိသားစုပေါင်း ၁၅၈၁၂ စု အတွက် ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ခြုံစောင်များ လှူဒါန်းခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရမှ ဇန်နဝါရီက ၁၆ ရက်နေ့က ထုတ်ပြန်သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) အတွက် အဆိုပါငွေအား လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက လက်ခံရယူခဲ့ပြီး အခမ်းအနားသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်တင်နှင့် ဦးမင်းလွင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များအတွက် စစ်ဘေးရှောင်စခန်းတည်ဆောက်ရာတွင် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရထောက်ပံ့ငွေပေါင်း ကျပ်သန်းပေါင်း ၂၂၂၉ ကျော် သုံးစွဲခဲ့ကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအ‌ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုပြောကြားခဲ့သည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ မိန့်ခွန်းတွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့တွင် တိုက်ပွဲရှောင်စခန်း ၇ ခုကို ပြည်နယ်အစိုးရနှင့်ပြည်ထောင်စုအစိုးရမှ စုစုပေါင်းငွေကျပ် ၁၄၈၃.၅၅ သန်းဖြင့်ဆောက်လုပ်ပေးခဲ့ပြီး တိုက်ပွဲဖြစ်စဉ်များ ပိုမိုများပြားလာသည့်အတွက် ကျောက်တော် မြို့သစ် တိုက်ပွဲရှောင်စခန်းနှင့်မြေပုံမြို့နယ် အငူမော်ကျေးရွာအုပ်စုနှင့် အမ်းမြို့နယ်တို့တွင် ၁ ဆောင်ကို အခန်း ၂၀ ပါ တန်းလျား ၂၄ လုံးကို ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေနှင့် ပြည်ထောင် စုငြိမ်းချမ်းရေးရန်ပုံငွေများမှ ၇၃၅.၆၅၁ သန်းသုံးစွဲပြီးတည်ဆောက်လျှက်ရှိကာ နေရပ်စွန့်ခွာထွက်ပြေး လာသူများအတွက် စစ်ဘေးရှောင်စခန်းတည်ဆောက်ရာတွင် ပြည်နယ်အစိုးရနှင့်ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ငွေပေါင်း ကျပ်သန်းပေါင်း ၂၂၂၉ ကျော် (၂.၂၂၉) ဘီလီယံ ကုန်ကျခဲ့ကြောင်းပြောဆိုသည်။

Western News- WN


ဆက်စပ်စကားလုံများ : #U Nyi Bu#စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်