test1

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုကြောင့် တရားစွဲဆိုခံထားရသည့် ကိုဘုန်းမြင့်ကျော် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ


Western News – ခိုင်ဇော်ထွန်း
ဇန်နဝါရီ ၁၈ ရက်

ရခိုင်ပြည်နယ်၌ တိုက်ပွဲများရပ်တန့်ရေး၊ 4G အင်တာနက်ပြန်ဖွင့်ပေးရေစသည်ဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းများကို အစိုးရအားဆန္ဒပြတောင်းဆိုခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်ကျောင်းသားတစ်ဦးကို ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် (ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးတာဝန်ခံ) ကိုဘုန်းမြင့်ကျော်ကို ဇန်နဝါရီ ၁၈ ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၁ နှစ်ချမှတ်ခြင်း လိုက်ဖြစ်သည်။ကိုဘုန်းမြင့်ကျော် နိုင်ငံတော်အကြည်အညိုပျက် စေမှု ၅၀၅(က)၊ ၅၀၅(ခ) တို့နှင့် တပေါင်းတည်း ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ခြင်းဖြစ် သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် ဒု-ဥက္ကဌ ကို အောင်ပြည့်စုံဖြိုးက Western News ကို ပြောသည်။

“ရတနာပုံတက္ကသိုလ်ရှေ့မှာ စတေကာကမ်ပိန်းလုပ်တဲ့အခါမှာ ကိုသီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ကို ကိုဘုန်းမြင့်ကျော်က ဆိုင်ကယ်နဲ့ လိုက်ပို့လို့ဆိုပြီး တရားစွဲဆိုခံခဲ့ရတာ။ စတေကာကမ်ပိန်းလုပ်တာကတော့ ကိုသီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့နှစ်ယောက်က ပြုလုပ်ခဲ့ တာဖြစ်တယ်။ သူ့ကိုတော့ အကြိုအပို့လုပ်လို့ဆိုပြီး တရားစွဲဆိုခဲ့တာ။ အမှုတွဲကတော့ သူတို့ ၃ ယောက်လုံးပါတယ်။ ဒါပေမယ့် ကိုသီဟရဲကျော်နဲ့ ကို စိုးလှနိုင်တို့နှစ်ယောက်က ပြစ်ဒဏ်ချမှတ်ပြီးပြီဆိုတော့ ကျန်နေခဲ့တဲ့ သူ့ကို ဒီနေ့အမိန့်ချမှတ်လိုက်တာဖြစ်တယ်။ ၅၀၅(က)ရယ်၊(ခ)ရယ် နှစ်ခုပေါင်း ၁ နှစ်ချမှတ်ခံရတယ်”ဟု ကိုအောင်ပြည့်စုံဖြိုးကပြောသည်။

ဆက်လက်၍လည်း ငြိမ်းချမ်းရေးကိုလိုလားသည့် ကျောင်းသားများကို ထောင်ဒဏ်ချမှတ်နေခြင်းမှာ ငြိမ်းချမ်းရေးကို မလိုလား၍ ထောင်ချနေခြင်းဖြစ်ပြီး ကျောင်းသားများအနေဖြင့် အဖွဲ့ချုပ်ကချမှတ်ထားသည့် မူဝါဒအတိုင်း ပြည်တွင်းငြိမ်းချမ်းရေးကို ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုအောင်ပြည့်စုံဖြိုးက ဆက်လက်ပြောဆိုသည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ကိုဘုန်းမြင့်ကျော်မှာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်းက မန္တလေးမြို့တွင် စစ်ဆန့်ကျင်ရေး လှုပ်ရှားခဲ့မှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)၊ (ခ)နှင့်ငြိမ်းစုစီ ပုဒ်မ(၁၈) တို့ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်ပွဲများရပ်တန့်ရေးနှင့် အင်တာနက်များပြန်ဖွင့်ပေးရေးတို့အတွက် တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံအတွင်း တရားစွဲဆိုခံရသူ ၆၁ ဦးထိရှိပြီး တရားစွဲဆိုခံရသူများအနက် ၄၅ ဦးမှာ စက်တင်ဘာလ ၁ လ အတွင်းတရားစွဲဆိုခံခဲ့ရခြင်းဖြစ်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု အဖွဲ့(အသံ)၏ ဒီဇင်ဘာလနောက်ဆုံးအပတ် ထုတ်ပြန်ချက်များအရသိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်