test1

တပ်မတော်မှ လက်နက်ကြီးများပစ်ခတ်သဖြင့် သေဆုံး၊ ဒဏ်ရာရရှိခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး နိုင်ငံတကာ အရေးပေါ် တုန့်ပြန်ဆောင်ရွက်မှုများလို အပ်ကြောင်း KPSN တောင်းဆို


Western – ခင်သီတာ
ဇန်နဝါရီ ၁၈ ရက်

ကရင်ပြည်နယ် တောင်ပိုင်း ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်နှင့် မူတြော် (ဖာပွန်ခရိုင်)တို့တွင် ဗမာ့တပ်မတော်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာသူကြီးတစ်ဦးသေဆုံးကာ ဒေသခံပေါင်း ၃၇၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်အပေါ် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်မှ ရှုံချလိုက်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် တပ်တော် ခမရ ၃၉၉ မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၁ နှစ်သားအရွယ် ကလေးငယ် တစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိသွားသည့် အတွက် ယင်းသို့ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်ပြီး ယင်းအပေါ်နိုင်ငံတကာမှ အရေးပေါ်တုန့်ပြန်ဆောင်ရွက်မှု များကိုလိုအပ်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ကြေညာချက်ထုတ်ပြန်တောင်း ဆိုလိုက်သည်။

ဇန်နဝါရီ ၁၂ ရက် နေ့တွင် မူတြော်ရှိ ဒွန်လိုမြို့နယ် မယ်ချို အုပ်စု တာနေတာ ကျေးရွာအနီး လယ်ကွင်းသို့ စကခ(၈) တပ်မတော် အမှတ် ၄၀၄ မြေပြင်တပ်ရင်းမှ လက်နက်များတိုက်ခိုက်မှုကြောင့် မိမိလယ်ကွင်းအတွင်း လုပ်ကိုင်နေသော တာနေတာ ရွာသူကြီး (၃၅)နှစ်မှာ ၆၀ မမ လက်နက်ကြီးထိမှတ်ကာသေဆုံးခဲ့ပြီး သေဆုံးသူမှာ ကလေး ၆ ယောက် ဖခင်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ဒီဇင်ဘာလမှ စ၍ KNU တပ်မဟာ ၅ မူတြော်ခရိုင်ရှိ ဒွန်လိုးနှင့်လူသော မြို့နယ်ရှိ တပ်မတော် တပ်ရင်း ၅ က ကျေးရွာဖက်သို့ လက်နက်ကြီးများပစ်ခတ်သည့်အတွက် ကျေးရွာပေါင်း ၁၂ မှ ဒေသခံ ၃၁၇၆ ဦးမှာ ထွက်ပြေးတိမ်းရှောင်ကာ အနီးအနားရှိ တောတောင်များတွင် ပုန်းခိုနေကြောင်းရေးသားထားသည်။

ယင်းပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် KNU တပ်မဟာ ၃ ကျောက်ကြီး မြို့နယ်ရှိ တကောဒဲ ကျေးရွာအ နီးတစ်ဝိုက်သို့ တပ်မတော် တပ်ရင်း ၅၇ က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျေးရွာသား ၅၈၈ ဦးတို့မှာ ထွက်ပြေးတိမ်းရှောင်ကာ ကျောင်းများပိတ်လိုက်ရကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံမှာ အလွန်ဆိုးရွားသည့်အခြေအနေကို ရင်ဆိုင်နေကြရသည့်အပြင် အဆိုပါ ရွာသားများအား ဒေသခံအရပ်ဖက်အဖွဲ့အစည်းများက အကူအညီပေးရန်သွားလိုသော်လည်း တပ်မတော်၏ တားဆီးပိတ်ပင်ခြင်းကိုခံနေရသည်။

ယင်းကဲ့သို့ လုပ်ရပ်များမှာ နိုင်ငံတကာ လူသားခြင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု လည်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် ကျေးရွာသားများ မိမိတို့နေအိမ်သို့ ပြန်နိုင်ရန်အတွက် အဆိုပါနေရာများမှ တပ်များအားပြန်လည်ဆုတ်ခွာ ရန်နှင့် တိုက်ခိုက်မှုများအား ချက်ချင်းရပ်တန့်ရင် ဗမာ့တပ်မတော်အား ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်မှ တောင်းဆိုထားသည်။ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားသော KNU ကို အထင်အရှား လျစ်လျူရှု့ရုံသာမက ကိုဗစ်အကြပ်အတည်းကာလအတွင်း တစ်ဖက်သတ်ကြေညာခဲ့သည့် အပစ်ရပ်ထုတ်ပြန် ချက်ကို တရားလက်မဲ့လုပ်ဆောင် နေသည့်အတွက် KPSN က ရှုံချကြောင်းရေးသားထားသည်။

တပ်မတော်၏ ထိုးစစ်ဆင်နေမှုများကို ချက်ချင်းရပ်တန့်ရန်၊ ၎င်းတို့တပ်များအား ရုတ်သိမ်းရန် နှင့် သို့မှသာ အား လုံးပါဝင်နိုင်သော ကငြိမ်းချမ်းရေးဆွေးနွေးမှုများလုပ်ဆောင်နိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ကရင်ပြည်နယ်၊မဲဝိုင်အနီးရှိ တပ်မတော်စခန်း၏ တောင်ဘက် မဲဝိုင်ဘုန်းကြီး ကျောင်းတွင် နေထိုင်လျက်ရှိသည့် မဲဝိုင်ကျေးရွာသားဖြစ်သူ မောင်မိုးအောင် အသက် ၁၂ နှစ်မှာ ဇန်နဝါရှိ ၁၅ ရက် နေ့ နံနက် ၁၁နာရီ မိနစ် ၂ဝခန့် တွင် ဘုန်းတော်ကြီးကျောင်းနှင့် မီတာ ၃၀ ခန့်အကွာတွင် သင်္ဘာသီး ခူးနေစဉ် ၎င်း နေရာ၏ အနောက်တောင် ဘက် မီတာ ၇၅ဝခန့်မှ နေ၍ KNLAတပ်မဟာ ၅ မှ သုံးဦးခန့်က လက်ဖြောင့်သေ နတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

KNLAတပ်မဟာ ၅ ဘက်မှလည်း ဇန်နဝါရီ ၁၅ ရက်နေ့ နေ့စွဲဖြင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)သို့ ပေးပို့သည့် ကန့်ကွတ်စာတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ က တပ်မတော်အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)လက်အောက်ခံ နယ်မြေတပ်ရင်း (ခမရ−၃၉၉) တပ်ဖွဲ့ဝင် များ၏ လက်နက်ကြီး၊ ငယ်များကို မဆင်မခြင် ပစ်ခတ်မှုကြောင့် ဒွယ်လိုးမြို့နယ်၊မယ်ဝေ( မဲဝိုင်) ကျေးရွာရှိ မောင် အကြိုင်နှင့် နောမီး၏သားငယ် ၁၂နှစ်အရွယ် မိုးလင်းအား လက်နက်ကြီး ကျည်ဆံထိမှန် ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

ဇန်နဝါရီ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် မယ်ဝေ(မဲဝိုင်) ကျေးရွာမှ ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦး ပစ်ခတ်ခံရမှု နှင့်ပတ်သတ်၍ အစိုးရတပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ တို့ ကြား အပြန်အလှန်စွတ်စွဲမှုများရှိခဲ့သည်။

Western News –WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်