test1

အမ်းမြို့နယ်အတွင်းမှ ဖြတ်သန်းဖောက်လုပ်မည့် တရုတ်၏ ရထားလမ်းစီမံကိန်းကို ပိုက်လိုင်းရေးရာစောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ကန့်ကွက်


Western News-ထွန်းလှ
ဇန်နဝါရီ ၁၈ ရက်

တရုတ် – မြန်မာ စီးပွားစင်္ကြန် စီမံကိန်း (CMEC) ၏ အစိတ်အပိုင်းတခုဖြစ်သည့် အမ်းမြို့နယ်အတွင်းမှ ဖြတ်သန်းဖောက်လုပ်မည့် မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်းကို အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်လှုပ်ရှားရေးအဖွဲ့က ကန့်ကွက်ကြောင်း ဇန်နဝါရီ ၁၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။

၂၀၁၂ ခုနှစ်က အမ်းမြို့နယ်အတွင်း ဖြတ်သန်းဆောက်လုပ်ခဲ့သည့် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းအတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားနှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ယခုရထားလမ်းစီမံကိန်းတွင်လည်း အလားတူထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိလာနိုင်ကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်လှုပ်ရှားရေး အဖွဲ့၏ ဥက္ကဌ ကိုမျိုးလွင်က Western News ကိုပြောသည်။

“အရင်လုပ်ခဲ့တဲ့ စီမံကိန်းတုန်းကလည်း တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှုမရှိတာတွေအများကြီးရှိခဲ့တယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ လူမှုစီးပွားတွေ ပျက်စီးဆုံးရှုံးခဲ့တာတွေလည်း အများကြီးရှိခဲ့တယ်။ အဲဒါတွေကို တာဝန်ယူဖြေရှင်းပေးတာ ခုထက်ထိမရှိသေးဘူး။ အခုထပ်ပြီး စီမံကိန်းတွေဖော်မယ်ဆိုရင် ဒေသခံတွေရဲ့ လူမှုစီးပွားတွေနဲ့ သဘာဝပတ်ဝန်းကျင်တွေ အများကြီးထိခိုက်ပျက်စီးနိုင်တယ်။ အဲဒါကြောင့် ခုလိုကန့်ကွတ်ထုတ်ပြန်ရတာဖြစ်ပါတယ်” ဟုပြောဆိုသည်။

အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်လှုပ်ရှားရေးအဖွဲ့၏ ဇန်နဝါရီ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသော ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၏ အကျိုးအမြတ်များထဲမှ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များကို ဒေသခံပြည်သူများမှာ မရရှိသည့်သာမက ကျေးရွာ၏ဘုံမြေများ၊ အားကစားကွင်းများ၊ စာသင်ကျောင်းမြေများ၊ သောက်ရေတွင်းများ၊ သသာနာ့မြေများ၊ လယ်ယာမြေများ၊ အိမ်ခြံမြေများ ဆုံးရှုံးမှုများရှိသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားသည်။

အမ်းမြို့နယ်ရှိ ဒေသခံတောင်သူများမှာ ၂၀၁၂ ခုနှစ် ပိုက်လိုင်းစီမံကိန်းအတွင်း လယ်ယာမြေများဆုံးရှုံးနစ်နာမှုများရှိခဲ့သည့်အတွက် ယခု ရထားလမ်းစီမံကိန်းတွင်းလည်း အလားတူ ဆုံးရှံးနစ်နာမှုများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်နေကြသည်ဟု အမ်းမြို့နယ် တောင်သူကိုယ်စားလှယ် ဦးဝဏ္ဏစော ကပြောဆိုသည်။

“အမ်းဒေသမှာဆိုရင် ဒေသခံတွေက ဥယာဉ်စိုက်ခင်းတွေပဲ အဓိကလုပ်ကြတယ်လေ။ အရင် ပိုက်လိုင်းစီမံကိန်းတွေ လုပ်ခဲ့တုန်းကလည်း အစိုးရပိုင်းက ဒီ‌ဒေသမှာ ဓားမဦးချလုပ်ကိုင်လာခဲ့တဲ့ ဒေသခံတွေရဲ့မြေတွေကို ပိုင်ဆိုင်မှုအထောက် အထားမရှိဘူးဆိုပြီးတော့ မြေလွတ်မြေရိုင်းပုံစံမျိုးပြောခဲ့တာတွေရှိတယ်လေ။ ဒီဒေသက တောင်သူတွေမှာ တော်တော်လေး အကြောက်တရားနဲ့ခံခဲ့ရတာပေါ့။ လျော်ကြေးပေးပြန်တော့လည်း ပေးသင့်ပေးထိုက်တဲ့သူကို ပေးသင့်ပေးထိုက်တဲ့ အတိုင်းအတာနဲ့ တွက်ချက်ပြီးပေးတာမဟုတ်ဘူး။ သူတို့ ပေးချင်တဲ့သူကိုပေးတယ်၊ မပေးချင်တဲ့သူကို မပေး၊ အဲဒီလိုလုပ်ထားတာလည်းတွေ့တယ်လေ။ အခု ရထားလမ်းစီမံကိန်းလာမှာဆိုတော့ အလားတူဖြစ်ရပ်မျိုးတွေ ထပ်ပြီးကြုံရမှာကို စိုးရိမ်နေကြတယ်” ဟုပြောသည်။

တရုတ် – မြန်မာ စီးပွားစင်္ကြန် စီမံကိန်း (CMEC) ၏ အစိတ်အပိုင်းတခုဖြစ်သည့် မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်းအား အကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေလေ့လာမှု (Feasibility Study) ဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထား နှင့် တရုတ်နိုင်ငံကုမ္ပဏီ China Railway Eryuan Engineering Group Co., Limited (CREEG) တို့က ဇန်နဝါရီလ ၁၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ ဘေကျင်း-ကူမင်း-ရွှေလီမှ မြန်မာနိုင်၏ မူဆယ်-မန္တလေး-ကျော်ဖြူရေနက်ဆိမ်ကမ်းထိ ချိတ်ဆက်ဆောင်ရွက်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုနောက်ကျသည် ကုန်းတွင်းပိတ် တောင်ပိုင်းပြည်နယ်များအား ပင်လယ်ပြင် ထွတ်ပေါက်နှင့် ချိတ်ဆက်ပေးမည့် စီမံကိန်းကြီးဖြစ်ကြောင်းလည်းဖြစ်သည်။Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်