test1

2G အင်တာနက်မှ 4G အင်တာနက်သို့ ပြန်လည်အသုံးပြုခွင့်ပေးရန် အဆို ရခိုင်လွှတ်တော်၌ အတည်ပြု


Westren News- ခင်သီတာ
ဇန်နဝါရီ ၁၉ ရက်

ရခိုင်ပြည်နယ်တွင် 2G အင်တာနက်မှ 4G အင်တာနက်အဆင့်သို့ပြန်လည်အသုံးပြုခွင့်ပေးရန် ရခိုင်ပြည်နယ် အစိုးရမှ ပြည်ထောင်အစိုးသို့တိုက်တွန်းသည့်အဆိုကို ကန့်ကွက်သူမရှိ သဖြင့် ရခိုင်လွှတ်တော်တွင် ဇန်နဝါရီ ၁၉ ရက်နေ့တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။

ယင်းအဆိုကို ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ဇန်နဝါရီ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပေါက်တောမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ထောက်ခံခဲ့သဖြင့်ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ ခြင်းဖြစ်သည်။

အဆိုကို ပေါက်တောမြို့နယ်မှ ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး၊ မင်းပြားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်နှင့် ရမ်းဗြဲမြို့နယ်ကိုယ်စားလှယ် ဦးသန်းမောင်တို့က ယနေ့ကျင်းပသသည့်လွှတ်တော်တွင် ထောက်ခံဆွေးနွေးခဲ့ကြသည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တစ်ခုကိုတည်ထောင်ရန်ကြိုးစားနေသည့် ယခုကာလတွင် ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုကို သေသေချာချာ ထည့်တွက်သင့်သည်ဟု ထောက်ခံ ဆွေးနွေးခဲ့သူ ပေါက်တော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးကပြောသည်။

“ကမ္ဘာက ရွာဖြစ်နေတဲ့ အချိန်အခါမှာ ဒီလိုအချိန်ကြာမြင့်တဲ့အထိ အင်တာနက်ကိုပိတ်ထားတယ်ဆိုတာ မြန်မာနိုင်ငံအစိုးရဟာ အကြာမြင့်ဆုံးအင်တာနက် ဖြတ်တောက်မှု တစ်ခုကို ကျုးလွန်တယ်လို့ပြောလို့ရသလို ရခိုင်ပြည် ၁၇ မြို့နယ်ထဲက အင်တာနက် ပိတ်ထားတဲ့ ၉ မြို့နယ်က ပြည်သူလူထုတွေကို လူ့အခွင့်အရေးချိုး ဖောက်ရာရောက်တယ်။ အဲဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခု ကိုတည်ထောင်ဖို့ ကြိုးစားနေတဲ့ဖက် တော်သားတွေအနေနဲ့ ဦးဆောင်နေတဲ့ ဒီကာလမှာ ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေကို သေသေချာချာ ထည့်တွက်ပြီး နောက်အနာဂါတ် နိုင်ငံတော်သစ် တည်ထောင်ဖို့အတွက်ကော အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက်ပါ ကြိုးစားကြံဆောင်ဖို့အတွက် အချိန်အခါကောင်းလည်းဖြစ်တယ်”ဟုပြောသည်။

ယင်းအပြင် ၂ နှစ်နီးပါးထိအချိန်ကြာမြင့်သည့်အတိုင် အင်တာနက်ကိုဖြတ်တောက်ထားခြင်းမှာ မြန်မာနိုင်ငံအစိုးရသည် အကြာမြင့်ဆုံးသော အင်တာနက်ဖြတ်တောက်မှုတစ်ခုကို ကျူးလွန်ထားသည့်အပြင် အင်တာနက်ဖြတ် တောက်ခံထားရသည့် မြို့နယ် ၉ မြို့နယ်မှ ပြည်သူလူထုများကို လူ့အခွင့်အရေးချိုးဖောက်ရာရောက်သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးကပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် (၈)မြို့ဖြစ်သည့် ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ဘူး သီးတောင်၊ မောင်တောနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စ၍ အင်တာနက်ဖြတ် တောက်ထားခဲ့ပြီး မောင်တောမြို့နယ်ကို ၂၀၂၀ ခုနှစ်မေလ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။ ကျန် ၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ၂၀၂၀ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် 2G အင်တာနက်အဆင့် သာဖွင့်ပေးခဲ့သည်။

ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ရခိုင်ဒေသတွင် စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များ ပေါက်ကြားမှု မရှိစေရန်အတွင် အင်တာနက်ဖြတ်တောက်ထားရခြင်းဖြစ်ကြောင်း ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ၂၁ ရက်နေ့ထိ အင်တာနက်အမြန်နှုန်းကိုဖြတ်တောက်ထား သည်မှာ ၁ နှစ်နှင့် ၇ လကျော်ထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ယင်းကာလအတွင်း အရပ်ဘက်အဖွဲ့အစည်းများ ၊ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အင်တာနက် မြန်နှုန်းပြန်လည် ဖွင့်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အစိုးရအနေဖြင့် လက်ရှိအချိန်ထိ ပြန်လည် ဖွင့်ပေးခြင်းမရှိသေးပေ။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်