မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်သွားမည်ဟု ကာချုပ်ပြော


Western Newsဖေဖော်ဝါရီ ၉ ရက်

၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းက ARSA အဖွဲ့၏တိုက်ခိုက်မှုများကို တပ်မတော်က နယ်မြေရှင်းလင်းမှုများပြုလုပ်စဉ် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည့် မွတ်ဆလင်ဒုက္ခသည်များကို နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေဖော်ဝါရီလ ၈ ရက်နေ့ကပြည်သူများသို့ မိန့်ခွန်းခေါင်းစဉ်ဖြင့် ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ၈ ရက်အကြာတွင် ပထမဆုံးပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ နေရပ်စွန့်ခွာသွားသူတွေကိုလည်း နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ကျွန်တော်တို့ရဲ့ရပ်တည်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ် ဟုပြောကြားခဲ့သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘဂ်လားဒေ့ရှ်သံရုံးမှတစ်ဆင့် စာပေးပို့ခဲ့ပြီး၊ အဆိုပါစာအား လက်ခံရရှိကြောင်း ဘဂ္လားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဒူမိုမာန်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က အတည်ပြုပြောကြားသည်။

တပ်မတော်အစိုးရမှ ပေးပို့ခဲ့သည့်စာ၌ ၂၀၂၀ အထွေထွေရွှေးကောက်ပွဲတွင် မဲအတု ၁၀ ဒသမ ၄ သန်းရှိခဲ့ကြောင်း၊ တပ်မတော်အစိုးရ၏ ရခိုင်ပြည်နယ်အတွင်း အခြေအနေအား တဖြည်းဖြည်းပုံမှန် အနေအထားရောက်အောင် ဆောင်ရွက်ရန် စိတ်ဆန္ဒရှိမှုမှာ ဒုက္ခသည်များနေရပ်ပြန်နိုင်ရေးအတွက် မျော်လင့်ချက်ရှိလာပြီးဖြစ်ကြောင်း စသည့်အချက်များပါရှိကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မွတ်ဆလင်ဒုက္ခသည် ၇ သိန်းကျော်နှင့် ၁၉၉၀ ခုနှစ် နှောင်းပိုင်းက ထွက်ပြေးလာကြသည့် မွတ်ဆလင်ဒုက္ခသည်များနှင့်ပေါင်းလျှင် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် ဒုက္ခသည် စုစုပေါင်း ၁ သန်းကျော်ရှိသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရသိရသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်