အကြမ်းဖက်ဥပဒေဖြင့် စွဲဆိုထားသည့် အမှုများ ရုပ်သိမ်း မရုပ်သိမ်းဆိုသည်မှာ စွဲဆိုသူများအပေါ်၌သာ မူတည်ဟု ပြည်နယ်ကောင်စီပြော


Western News ဧပြီ ၂ ရက်

ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းပြီးဖြစ်သော်လည်း AA နှင့် ဆက်စပ်သည်ဟု ဆိုကာ အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် စွဲဆိုထားသည့်အမှုများကို ရုပ်သိမ်း၊ မရုပ်သိမ်းမည်ဆိုသည်မှာ တရားစွဲဆိုထားသူများ အပေါ်၌သာ မူတည်သည်ဟု ရခိုင်ပြည်နယ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။



“ဒီအမှုတွေကို ရုပ်သိမ်းမယ်ဆိုတာက စွဲထားတဲ့သူအပေါ်မှာမူတည်တယ်။ တရားစွဲတဲ့သူက အမှုကို ရုပ်သိမ်းရင်တော့ ရုပ်သိမ်းတဲ့လုပ်ထုံးလုပ်နည်းအတိုင်း သွားလို့ရတာပေါ့” ဟုပြောဆိုသည်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဧပြီလ ၁ ရက်နေ့က ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။


အကြမ်းဖက် ဥပ‌ဒေများဖြင့် စွဲဆိုထားသည့်အမှုများနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့်က သီးခြားညွန်ကြားချက်များ ထုတ်ပြန်ညွန်ကြား ထားခြင်းမရှိသည့်အတွက် လက်ရှိတွင် ဥပဒေကြောင်းအရ ဆက်လက် တရားရင်ဆိုင်နေကြရဦးမည်ဖြစ်ကြောင်းနှင့် နောင်တွင် မည်ကဲ့သို့ ပြောင်းလဲဖြစ်ပေါ်လာမည်ကို မသိရှိရသေးကြောင်း သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဆက်လက်ပြောဆိုသည်။


ရက္ခိုင့်တပ်တော် AA ကို မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်အုပ်စု အဖြစ်ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖြစ်ကြောင်း ကြေညာခဲ့သည်။


ယင်းကဲ့သို့ ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့ကပယ်ဖျက်လိုက်သည့်အတွက် အကြမ်းဖက်ပုဒ်မဖြင့်တရားစွဲဆိုခံထားရသူများ အပေါ်စွဲဆိုထားသည့်အမှုများကို ပြန်လည်ရုတ်သိမ်းပေးပြီး ဖမ်းဆီးထားသူများကို လွတ်ပေးရန် တောင်းဆိုမှုများရှိနေသည်။


ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့က တပ်မတော် ရေတပ်သင်္ဘောပေါ်တွင် ညှင်းပန်းနှိပ်စက်ခံရပြီးနောက် အကြမ်းဖက် ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွှာမှ ကျေးရွာသား ၅ ဦးထဲမှ တစ်ဦးဖြစ်သည့် ကိုညီညီအောင်၏ မိခင်ဖြစ်သူ ဒေါ်နီနီအေးက သူမသားအပါအဝင် အကြမ်းဖက်ဥပဒေများဖြင့် တရားစွဲဆိုခံထားရသူများအားလုံးကို ပြန်လွတ်ပေးရန် တောင်းဆိုကြောင်း ပြောဆိုသည်။


“AA ကိုအကြမ်းဖက်အဖွဲ့ကနေ ရုပ်သိမ်းလိုက်တယ်လို့ကြေညာထားတာရှိတယ်။ အဲဒီလို အကြမ်းဖက်အဖွဲ့ကနေ ရုပ်သိမ်းတယ် ဆိုရင် အကြမ်းဖက်နဲ့မတရားစွပ်စွဲပြီး တရားစွဲဆိုထားတဲ့ ကျွန်မသားလေးကို လွှတ်ပေးစေချင်တယ်။ ကျွန်မသားက သူတို့စွပ်စွဲသလို ဘာ AA မှလည်းမဟုတ်ဘူး။ ရွာက ဆန်စက်မှာ တစ်နေ့ကုန် ဆန်အိတ်ထမ်းလုပ်ကိုင်စားသောက်နေတာ။ ကျွန်မသား အပါအဝင် အကြမ်းဖက်ဥ‌ဒေနဲ့အစွဲခံထားရသူအားလုံးကို ပြန်လွတ်ပေးဖို့တောင်းဆိုချင်ပါတယ်” ဟုပြောဆိုသည်။


ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပြီးဖြစ်၍ အကြမ်းဖက်ဥပဒေဖြင့် စွဲဆိုထားသည့်အမှုများကို သက်ဆိုင်ရာ ပြန်လည်ရုပ်သိမ်းပေးသင့်သည်ဟု တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်ကထောက်ပြပြောဆိုသည်။


“အကြမ်းဖက်အဖွဲ့အဖြစ်ကနေပယ်ဖျက်တယ်ဆိုရင် အဲဒီအကြမ်းဖက်နဲ့စွဲထားတဲ့အမှုတွေကို ပြန်လည်ရုပ်သိမ်းပေးသင့်တယ်။ ဥပဒေကြောင်းအရလည်း အဲဒီအမှုတွေကို ပိတ်လို့မရတောင်မှ ရုပ်သိမ်းလို့ရတယ်” ဟုပြောဆိုသည်။


ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ကထိ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင် ဆိုင်နေရသူ ၂၆၉ ဦးရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်