မီးလောင်ကျွမ်းသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်း၌ ယာယီတဲအိမ် ၅၀ ဆောက်လုပ်ပြီးစီး


Western News – ဧပြီလ ၅ ရက်

ပြီးခဲ့သည့်မတ်လ ၁၇ ရက်နေ့က မီးလောင်ကျွမ်းသွားသည့် မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းကို ပြည်တွင်းပြည်ပမှအလှူငွေများဖြင့် ယာယီတဲအိမ်များကိုဆောက်လျက်ရှိရာ လက်ရှိတွင် တဲအိမ်အလုံး ၅၀ ပြီးစီးနေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။


မီးလောင်ကျွမ်းသွားသည့်တိမ်ညိုစစ်ဘေးရှောင်စခန်းအားမြင်တွေ့ရစဉ်
ဓာတ်ပုံ- ဝေဟင်အောင်

အဆိုပါ ယာယီတဲအိမ် ၅၀ ကို မတ်လ ၂၈ ရက်နေ့မှစတင်၍ မီးလောင်ကျွမ်းသွားသည့်နေရာ၌ မြေသန့်မင်္ဂလာပြုလုပ်ကာ ဆောက်လုပ်နေခြင်းဖြစ်ပြီး ဧပြီလ ၅ ရက်နေ့အထိ ယာယီတဲအိမ်အလုံး ၅၀ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း စခန်းတာဝန်ခံ ဉီးစိုးနိုင်ကပြောသည်။

” ဒီနေ့ဆိုရင်ကျွန်တော်တို့မှာ ယာယီတဲအိမ်အလုံး ၅၀ ပြီးစီးတယ်။ အဲဒီတဲအိမ်တွေကို မဲစနစ်နဲ့ပေးသွားမှာဖြစ်တယ်။ တဲအိမ်တွေကတော့ ပြည်တွင်းပြည်ပကအလှုရှင်တွေရဲ့ငွေတွေနဲ့ဆောက်လုပ်ပေးတာ”ဟု ပြောသည်။

ယခုဆောက်လုပ်နေသော ယာယီတဲအိမ်များမှာ အနံ ၉ ပေ အလျား ၁၄ ပေရှိပြီး တဲအိမ်တစ်လုံး၏ ကုန်ကျငွေမှာ ငွေကျပ် ၂ သိန်းခန့် ကုန်ကျကြောင်းသိရသည်။

ယခုဆောက်လုပ်ပေးသည့် တဲအိမ်၏ ခြေတိုင်ကို ပီခြောက်သားသစ်၊ အမိုးကို ဓနိ၊ အခင်းကို ဝါးတို့ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သဖြင့် တဲအိမ်မှာခိုင်ခန့်မှုမရှိကြောင်း တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဒုက္ခသည် ဉီးမောင်သောင်းညွှန့် ကပြောကြားသည်။

“ပြောရမယ်ဆိုရင်တော့ ၂ သိန်းတန်အိမ်ဆောက်တာပေါ့နော်။ အခုက ပီခေါက်သားတိုင်နဲ့ဆောက်လုပ်တာပါ။ သစ်ကတော့ သစ်မာပေါ့။ အုန်းမိုးပါ အခင်းကကျတော့ ဝါးပေါ့။ အိမ်ဆောက်တာကတော့ ကိုယ့်လူတွေ ဝိုင်းဝန်းပြီးတော့ဆောက်ကြတာပါ။ တဲအိမ်ကခိုင်ခန့်မှုတော့ သိပ်မရှိဘူး” ဟုဆိုသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းသည် မြောက်ဉီးမြို့နယ်ရှိ စစ်ဘေးရှောင်လူဉီးရေအများဆုံးစခန်းတစ်ခုဖြစ်ပြီး အိမ်ထောင်စု ၈၀၀ ကျော်နှင့် လူဉီးရေ ၃၀၀၀ ကျော်ရှိသော စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။


ပြီးခဲ့သည် မတ်လ ၁၇ ရက်နေ့က ယာယီတဲအိမ်တစ်လုံးမှ ဖယောင်းတိုင်မီး အသုံးပြုရာကနေ မီးစတင်လောင်ကျွမ်းသွားခြင်းဖြစ်ပြီး စခန်းရှိအိမ်ထောင်စု ၆၆၃ စုနှင့် လူဦးရေ ၂၇၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။


လတ်တစ်လောတွင် နေအိမ်များဆောက်လုပ်နေသောကြောင်း စစ်ဘေးရှောင်ဒုက္ခသည်များလည်း တိမ်ညိုဘုန်းတော်ကြီးကျောင်း၌ နေထိုင်လျက်ရှိကြပြီး မိုးမကျမီဒုက္ခသည်စခန်းများ အမြန်ပြီးစီးရန် မျော်လင့်နေကြသည်။


မီးလောင်ကျွမ်းသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ပြည်လည်တည်ဆောက်ပေးမည် မဟုတ်ကြောင်း မတ်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဒုက္ခသည်များနှင့်တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။


တိမ်ညိုစစ်ဘေးရှောင်စခန်းရှိစစ်ဘေးရှောင်များမှာ ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့ကြား ၂ နှစ်ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသဖြင့် ထွက်ပြေးတိမ်းရှောင် လာကြခြင်း ဖြစ်သည်။ထိုစစ်ရှောင်များမှာ လက္ကာ၊ အောက်သားကန်၊ ဘူးရွက်မညိုး စသည့်ကျေးရွာများအပြင် တစ်ခြားရွာ ပေါင်း ၁၀ ကျော်မှထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်