ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ရေယာဉ်လိုင်းများ သင်္ကြန်ကာလ ဧပြီ ၁၄ မှ ၁၇ ရက်နေ့ထိ ရပ်နားမည်


Western News- ဧပြီလ ၇ ရက်

သင်္ကြန်ကာလတွင် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ရေကြောင်းခရီးစဉ် ရေယာဉ်လိုင်းများကို လာမည့် ဧပြီ ၁၄ မှ ၁၇ ရက်နေ့ထိ ရပ်နားထားမည်ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

သင်္ကြန်ကာလတွင် ရခိုင်ပြည်အတွင်း မြို့နယ်အသီးသီးသို့ပြေးဆွဲနေသည့် ရွှေပြည်တန် ရေကြောင်းခရီးစဉ် အမြန်ရေယာဉ်လိုင်းများကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ရပ်နားသွားမည်ဟု ရွှေပြည်တန်အမြန်ရေယာဉ်မှ မန်နေဂျာ ဦးစံမော်သိန်းက Western News သို့ပြောသည်။

“ နှစ်စဉ် သင်္ကြန်ကာလမှာ ကျွန်တော်တို့ရဲ့ရေယာဉ်လိုင်းက နားပါတယ်။ ဒီနှစ်လည်း ဧပြီလ ၁၄ ရက်ကနေ ၁၇ ရက်နေ့အထိ ရပ်နားမှာပါ။ ကျွန်တော်တို့ ပြေးဆွဲတဲ့ ရေယာဥ်လိုင်း အားလုံးကို ၄ ရက်တိတိ ရပ်နားထားမှာပါ“ ဟုပြောသည်။

အဆိုပါ ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းများမှ ပြေးဆွဲသောခရီးစဉ်များမှာ စစ်တွေ- ရသေ့တောင်-ဘူးသီးတောင်၊ မြောက်ဦး၊ ပေါက်တော-မင်းပြား၊ ကျောက်ဖြူ-ရမ်းဗြဲ-ကျောက်နီမော်-တောင်ကုတ်၊ မာန်အောင်မြို့ တို့ဖြစ်ကြောင်းသိရသည်။

အစိုးရပိုင် ရေကြောင်းလိုင်းများအပါအဝင် ပုဂ္ဂလိကပိုင် အမြန်ရေယာဉ်လိုင်းများနှင့် စက်လှေများကိုပါ ရပ်နားကြမည်ဖြစ်ကြောင်းကိုလည်း ပေါက်တောမှ စစ်တွေသို့နေ့ချင်းပြန် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ပေါက်တောတံခွန် ( ၁ ) လုပ်ငန်းရှင် ဦးရွှေဖော်သူ က Western News သို့ ပြောသည်။

ပေါက်တောတံခွန် (၁) ရေယာဥ်လိုင်းကို လာမည့် ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ထိသာ ပြေးဆွဲသွားမည်ဖြစ်ပြီး ၁၇ ရက်နေ့ထိ ပြေးဆွဲမှုများ ရပ်နားထားမည်ဖြစ်ကြောင်း ဦးရွှေဖော်သူက ဆက်ပြောသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်