မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများပေါက်ကွဲမှုကြောင့် ရခိုင်တွင် ကလေးငယ်သေဆုံးဒဏ်ရာရရှိသူ အများဆုံးဖြစ်


Western News – ဧပြီလ ၇ ရက်

မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိသူများထဲတွင် သုံးပုံတစ်ပုံကျော်မှာကလေးငယ်များဖြစ်ကြောင်းနှင့် ယင်းသေဆုံးမှုတွင် ရခိုင်ပြည်နယ်၌ အများဆုံးဖြစ်သည်ဟု ယူနီဆက်မြန်မာ(UNICEF Myanmar) က ဧပြီလ ၆ ရက်နေ့တွင်ထုတ်ပြန်သည်။




အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်သည် ထိခိုက်ဒဏ်ရာရသေဆုံးသူ ကလေးငယ်အများဆုံးဖြစ်ပြီး စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းအထိရှိသည်ဟု ဖော်ပြထားသည်။




ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာရှိ ၎င်းတို့နေအိမ်အနီး ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း အကြွင်းကျန်တစ်ခုပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်နှင့် ၅ နှစ်အရွယ်က‌လေးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူသေဆုံးခဲ့ရပြီး အသက် ၇ နှစ်အရွယ်မွေးချင်း တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြားသိရသည့်အတွက် ယူနီဆက်မြန်မာအနေဖြင့် များစွာစိတ်မကောင်း ဖြစ်ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။



ရခိုင်ပြည်နယ်တွင် ၂ နှစ်နီးပါးကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မြေမြုပ်မိုင်းများကို လိုအပ်သည်ထက်ပို၍အသုံးပြုခဲ့ကြခြင်း၊ မိုင်းအန္တရာယ်အသိပညာပေး ဆောင်ရွက်မှုများအားနည်ခြင်း၊ တောတောင်များနှင့် ကျေးရွာတို့တွင် မိုင်းရှင်းလင်းမှုမရှိခြင်းတို့ကြောင့် သေဆုံးဒဏ်ရာရရှိမှုအများဆုံးဖြစ်ရခြင်းဟု ဝံလက်ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။



” ရခိုင်ပြည်နယ်မှာက ပြည်တွင်းစစ်ဒဏ်ကို အခုမှစလို့ကြုံဖူးတာပေါ့။ မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေအားနည်းတယ်။ ၂ နှစ်အတွင်းမှာ မိုင်းသုံးစွဲမှုကို လိုအပ်သည်ထက်ပိုလို့အသုံးပြုခဲ့ကြတယ်။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းကမြို့နယ်တွေမှာဆိုရင် မိုင်းတွေအများဆုံးကျန်ခဲ့ကြတယ်။ တော‌တောင်တွေမှာလည်း မိုင်းရှင်းလင်းတာတွေမကြားသိရဘူး။ အဲဒါကြောင့် ရခိုင်မှာသေဆုံး ဒဏ်ရာရရှိတာ အများဆုံးဖြစ်တယ်လို့ပြောလို့ရတယ် “ ဟု ပြောသည်။



ယင်းအပြင် မြေမြုပ်မိုင်းအန္တရာယ်အကြောင်းကို ကလေးသူငယ်များသိရှိနားလည်ရန်နှင့် မြေမြုပ်မိုင်းများနှင့် အခြား မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား အကူအညီများပေးနိုင်ရန် အတွက်လည်း ယူနီဆက်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည်။



လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌ ၂ နှစ်ကျော်ကြာတိုက်ပွဲများဖြစ်ပွားခဲ့သည့် မင်းပြား ၊ မြောက်ဦး၊ ကျောက်တော် ၊ ရသေ့တောင် ၊ ဘူးသီးတောင် နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ဒေသခံပြည်သူ ၆ ထောင်ကျော်ခန့်ကို မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး သင်တန်းများကိုလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC )ကပို့ချလျက်ရှိနေသည်။



အလားတူပဋိပက္ခအတွင်း ရောက်ရှိနေ‌သော ကလေးငယ်များ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ယူနီဆက်သည် ပါဝင်ပတ်သက်နေသူ အားလုံးအား မြေမြုပ်မိုင်းများ ချထားခြင်းမပြုရန်၊ ရှိပြီးသော မြေမြုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ဖယ်ရှားရှင်းလင်းကြပါရန်နှင့် ကလေးသူငယ်များ၏ အကာအကွယ်ရပိုင်ခွင့်ကို ထိန်းသိမ်းကြပါရန် တိုက်တွန်းထားသည်။



ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ ၂ နှစ်နီးပါးကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက် ပစ္စည်းများပေါက်ကွဲမှုကြောင့် သေဆုံးသွားရသည့် အရပ်သားများမှာ ၄၁ ဦးရှိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသွားခဲ့ရသူ ၈၁ ဦးအထိရှိ ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး( REC) ၏ မှတ်တမ်းအရသိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်