စစ်တပ်အာဏာသိမ်းပြီး ၂ လကျော်အတွင်း သေဆုံးသူ ၅၈၁ ဦးနှင့် ဖမ်းဆီးခံရသူ ၂၇၅၀ ဦးရှိလာ


Western News – ဧပြီလ ၇ ရက်

စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြကြသည့် ပြည်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဖြိုခွင်းမှုကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့ထိ အာဏာသိမ်းကာလ ၂ လကျော်အတွင်း သေဆုံးသူ ၅၈၁ ဦးရှိလာနေသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မှတ်တမ်းများအရသိရသည်။



ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆိုခံထားရသူ ၂၇၅၀ ဦးရှိပြီး၊ ယင်းအထဲမှ ၃၈ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။



ယင်းအပြင် ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသောကြောင့်တိမ်းရှောင်နေသူ ၄၆၃ ဦး ရှိနေသည်။စစ်အာဏာသိမ်းကာလ ၂ လကျော်အတွင်း သေဆုံးသူပြည်သူ ၅၈၁ ဦးထဲမှ ၄၄ ဦးမှာ အသက်မပြည့်သေးသည့် ကလေးသူငယ်များ ဖြစ်သည်။


သေဆုံးသူများမှာ ဆန္ဒပြနေစဉ်အတွင်း ပစ်ခက်ခံရ၍ သေဆုံးမှုများရှိနေသလို မိမိနေအိမ်တွင် ရှိနေစဉ် ပစ်ခက်ခံရ၍ သေဆုံးသူများ လည်းရှိနေသည်။ မန္တလေးမြို့မှ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနှင့် မိတ္ထိလာမြို့မှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးသည် မိမိနေအိမ်တွင်ရှိနေစဉ် ပစ်ခက်ခံရ၍ သေဆုံးသွားခဲ့သည်။


ယင်းကဲ့သို့ ကလေးသူငယ်များပါ ထိခိုက်သေဆုံးမှုများရှိနေသည့်အပေါ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် မစ္စ ဗာဂျီနီယာ ဂမ်ဘာနှင့် မစ္စ နာဂျတ် မာအလာ မဂျိဒ်တို့က ပြင်းပြင်းထန်ထန်ရှတ်ချကြောင်း ပူးတွဲထုတ်ပြန်ထားသည်။စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ တောက်လျောက်ဖြစ်ပေါ်နေပြီး၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကလည်း မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်ဆံနှင့် ကျည်ဆံအစစ်များကို အသုံးပြုပြီး ဆန္ဒပြပွဲများကို ဖြိုးခွင်းနှိမ်နှင်း နေသည့်တွက် ထိခိုက်သေဆုံးမှုများမှာ ပို၍တိုးလာနိုင်ခြေရှိနေသည်။



ယင်းကဲ့သို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အကြမ်းနည်းဖြင့် ဖြိုခွင်းမှုကြောင့် ပြည်သူများသေဆုံးနေရသည့်အတွက် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း နှင့် နောက်ဆက်တွဲအရေးယူမှုများ ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း AP သတင်းတွင်ဖော်ပြထားသည်။


ယင်းအပြင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို အလွန်စိုးရိမ်ပူပင်ကြောင်းနှင့် ဥပဒေမူဘောင်အတွင်းမှ ညှိနှိုင်းဆွေးနွေးကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာရှုရင်က တိုက်တွန်းပြောဆိုထားသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်