ဝန်ကြီးချုပ် ဦးညီပုကို ရှေ့နေများနှင့် တွေ့ခွင့်မပေးဘဲ တရားလိုပြသက်သေကို စတင်စစ်ဆေး


Western News-ဧပြီ ၇ ရက်


နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ အမှုတွင် အမှုသည်ဖြစ်သည့် ဦးညီပုအား ၄င်း၏ ရှေ့နေများနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခွင့်မပေးဘဲ တရားလိုပြ သက်သေကို စတင်စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် သဝဏ်လွှာ ဖတ်ကြားနေသည်ကို တွေ့ရစဥ်



ဧပြီလ ၇ ရက်နေ့၊ ယနေ့ရုံးချိန်းတွင် ဦးညီပု၏ ရှေ့နေများက ဦးညီပုနှင့်ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံပြီး ထွက်ဆိုချက်များ ရယူနိုင်ခြင်းမရှိသည့်အတွက် တရားလိုပြသက်သေအား စစ်ဆေးမည့်ရုံးချိန်းအား ရွှေ့ဆိုင်းပေးရန် လျောက်ထားခဲ့သော်လည်း တရားရုံးက ပယ်ချပြီး အမှုကို ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု အမှုလိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်း ကပြောသည်။



“ကျနော်တို့ကတော့ ဦးညီပုနဲ့ ရှေ့နေနဲ့ ကိုယ်တိုင်တွေ့ဆုံပြီးတော့ ထွက်ဆိုချက်တွေမယူရသေးဘူး။ အမှုအကြောင်းအခြင်း အရာတွေကို ဘာမှမသိရသေးဘူး။ အဲဒါကြောင့် နောက်ထပ်ရုံးချိန်း ချိန်းဆိုပေးပါလို့ တရားရုံးကို လျောက်ထားတယ်။ ဒါပေမယ့် တရားရုံးကတော့ အမှုတိုးတက်ရာတိုးတက်ကြောင့်ဆိုပြီးတော့ ကျွန်တော်တို့ လျောက်ထားချက်ကို ပယ်ချပြီးတော့ အမှုဆက်စစ်တယ်။ တရားလိုကို စစ်ဆေးတယ်။ ကျွန်တော်တို့ကလည်း အမှုအကြောင်းအရာကို ဘာမှမသိရသေးတဲ့အတွက် ပြန်လှန်မေးခွန်းမေးတာတွေ မလုပ်ခဲ့ဘူး” ဟုပြောဆိုသည်။



ဦးညီပု၏ အမှုတွင် တရားလိုပြသက်သေ ၅ ဦးရှိပြီး၊ ယင်းထဲမှ တစ်ဦးဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်လင်းကို ယနေ့ရုံးချိန်းတွင် စတင်စစ်ဆေးခဲ့သည်။ ယနေ့ ရုံးချိန်းတွင် ဦးညီပုကို ဗွီဒီယို ကွန်ဖရင်ဇင်း နှင့် ရုံးထုတ်စစ်ဆေးခြင်းဖြစ်ပြီးနောက်တစ်ကြိမ်ရုံးချိန်းကို လာမည့် ဧပြီလ ၂၁ ရက်နေ့သို့ ချိန်းဆိုလိုက်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ အရ နိုင်ငံသားတိုင်း တန်းတူညီမျှခွင့်ရရှိပိုင်ခွင့်ရှိသည့်အတွက် ဦးညီပုကိုလည်း ရှေ့နေများနှင့် လွတ်လွတ်လပ်လပ်တွေ့ဆုံခွင့်ပေးပြီး ဥပဒကြောင်းအရ ညီတူညီမျှ ထုချေခွင့်၊ ခုခံခွင့်များအပါအဝင် ဥပဒေနှင့်အညီ ရသင့်ရထိုက်သည့်အခွင့်အရေးများကို တင်ပြတောင်းဆိုခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်း ကပြောသည်။




ဝန်ကြီးချုပ် ဦးညီပုသည် တပ်မတော်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်တွင် “ပြည်သူသို့ပန်ကြားချက်”ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ကိုကန့်ကွတ်ကြောင်း ဗွီဒီယိုတင်ခဲ့သည်အတွက် ထပ်မံဖမ်းဆီးခံခဲ့ရသည်။ဝန်ကြီးချုပ် ဦးညီပုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းအချိန်က တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ပူပေါင်းကာ နေအိမ်အတွင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။



စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မြို့နယ် ၅ မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှုးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ NLD ပါတီဝင် ၄ ဦး၊ ဒေသခံ ၆ ဦး စုစုပေါင်း ၁၉ ဦးဖမ်းဆီးထိန်းသိမ်းခံရပြီး ၎င်းတို့အထဲမှ ဦးညီပုမှလွဲ၍ ကျန်သောသူများအား အာဏာသိမ်းစစ်ကောင်စီကပြန်လည်လွှတ်ပေးခဲ့သည်။

Western News-WN


ဆက်စပ်စကားလုံများ : #U Nyi Bu
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်