ရခိုင်ကနိုင်ငံရေးပါတီများ မီးလောင်ကျွမ်းသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ကူညီရန်စဉ်းစားနေဟု ဆို


Western News ဧပြီ ၈ ရက်

မြောက်ဦးမြို့နယ်မှ မီးလောင်သွားသည့်တိမ်ညိုစစ်ဘေးရှောင်စခန်းရှိ မီးဘေးသင့်ဒုက္ခသည်များအတွက် ရခိုင်မှ တိုင်းရင်းသား နိုင်ငံရေးပါတီများ ကူညီရန် စဉ်းစားနေသည်ဟု ပါတီတာဝန်ရှိသူများကပြောဆိုသည်။

မီးလောင်ပြာကျသွားသည့် မြောက်ဦးမြို့နယ် တိမ်ညို စစ်ဘေးရှောင်စခန်း

ပြီးခဲ့သည့် မတ် ၁၇ ရက်နေ့၌ မီးလောင်ကျွမ်းသွားသည့်တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၇၀၀ မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု ၆၆၃ နှင့် လူဦးရေ ၂၇၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ မီးလောင်ကျွမ်းသွားသည့် အဆိုပါတိမ်ညိုစခန်းကို လက်ရှိတွင် ပြည်တွင်း ပြည်ပ အလှူရှင်များဖြင့် ပြန်လည်တည်ဆောက်နေကြပြီးဖြစ်သည်။

ရခိုင်တွင် တိုင်းရင်းသားပါတီများဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ(ANP) ရခိုင့်ဦးဆောင်ပါတီ (AFP) ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်( ALD ) ရှိကြပြီး မီးလောင်သွားသည့်တိမ်ညိုစစ်ဘေးရှောင်စခန်းရှိ မီးဘေးသင့်ဒုက္ခသည်များအတွက်ကူညီရန်စဉ်းစားနေကြောင်း တာဝန်ရှိသူများထံမှသိရသည်။

ရခိုင်အမျိုးသားပါတီ (ANP)အနေဖြင့် နိုင်ငံရေးကိစ္စများကို ဦးစားပေးလုပ်ဆောင်နေရသည့်အတွက် မီးလောင်သွားသည့်တိမ်ညို စစ်ဘေးရှောင်စခန်းကို ကူညီထောက်ပံ့ပေးမည့်ကိစ္စနှင့် ပတ်သက်၍ သေသေချာချာမပြောဆိုနိုင်သေးသော်လည်း ပါတီအနေဖြင့် ကူညီပေးရန်စဉ်းစားထားကြောင်း ၎င်းပါတီမှ ဥက္ကဌ ဦးသာထွန်းလှကပြောသည်။

” လောလောဆယ်ကျွန်တော်တို့က နိုင်ငံရေးကိစ္စကိုပဲ အဓိကစဉ်းစားနေရတယ်။ အဲဒါကြောင့် ပါတီအနေနဲ့ မီးလောင်သွားတဲ့ စစ်ဘေးရှောင်တွေကို ဘာတွေကူညီသွားမလဲဆိုတာကိုပြောလို့မရသေးဘူး။ အခုကမြန်မာနိုင်ငံရဲ့နိုင်ငံရေးကပိုလို့ ရှုပ်ထွေးနေတယ်။ အဲ့ဒါကြောင့် နိုင်ငံရေးကိစ္စတွေကိုအဓိကစဉ်းစားနေရတယ်။ စစ်ဘေးရှောင်တွေကို ကူညီပေးသွားမှာကိုတော့စဉ်းစားထားတာတွေ ရှိတယ်” ဟု ပြောသည်။

ယင်းအပြင် ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်( ALD ) ပါတီအနေဖြင့်လည်း မီးလောင်သွားသည့်တိမ်ညိုစစ်ဘေးရှောင်စခန်းကို ကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း၊ ပါတီအနေဖြင့် ငွေကြေးများအဆင်ပြေသည့်အချိန်တွင် စစ်ဘေးရှောင်များ၏ လိုအပ်ချက်အပေါ်မှုတည်ပြီးကူညီပေးသွားမှာဖြစ်ကြောင်း ALD မှ ပြောရေးဆိုခွင့်ရှိသူဦးလှမြင့်ကပြောသည်။

” ကျွန်တော်တို့လည်းစီစဉ်နေတယ်။ သို့သော် တစ်စိုက်မတ်မတ်ကျတော့ခါ ကူညီပေးသွားဖို့ဆုံးဖြတ်ထားတာမရှိသေးဘူး။ ကျွန်တော်တို့မှာ ပိုက်ဆံရတဲ့အခါ စစ်တွေရှောင်တွေမှာဘာတွေလိုအပ်နေလဲပေါ့။ သူတို့ရဲ့လိုအပ်ချက်တွေအပေါ်မှာ မှုတည်ပြီးတော့ ကူညီပေးသွားဖို့ ရှိတယ်။ ကျွန်တော်တို့ပါတီကအရင်တုန်းကလည်းကူညီတာတွေရှိခဲ့တယ်။ အဲဒီလိုနောက်ပိုင်းလည်းလှူဒါန်းသွားဖို့ ကြိုးစားနေတယ်” ဟု ပြောသည်။

မီးလောင်းကျွမ်းသွားသည့် တိမ်ညို စစ်ဘေးရှောင်ကိုပြန်လည် တည်ဆောက်နိုင်ရန်အတွက် ရခိုင့်ဦးဆောင်ပါတီ (AFP)မှ ဒေါက်တာအေးမောင်ဦးဆောင်၍ ငွေကျပ်သိန်း(၃၀)လှူဒါန်းခဲ့ကြောင်း ယင်းပါတီမှ ဒုဥက္ကဌ ဦးကျော်ဇောဦးကပြောသည်။

” ကျွန်တော်တို့ပါတီက မီးလောင်ပြီးတဲ့နောက်တစ်နေ့မှာ ငွေကျပ်သိန်း(၃၀)ကျော်ကိုလှူဒါန်းပေးခဲ့တယ်။ ဒေါက်တာအေးမောင် ဦးဆောင်ပြီးတော့လှူဒါန်းခဲ့တာ။ နောက်ပိုင်းလည်း ဒေါက်တာအေးမောင်က ကျန်တဲ့ကိစ္စတွေကိုဘယ်နေရာကနေ လှူဒါန်းလို့ရမလဲ ဆိုတာကို သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာတင်ထားတယ်။ ဆက်လက်လှူဒါန်ပေးမယ့်ငွေကြေးဆိုင်ရာကိစ္စတွေကိုလည်း ဒေါက်တာအေးမောင်ကဦးဆောင်လို့လုပ်နေတယ်” ဟု ပြောသည်။

လက်ရှိတွင် မီးလောင်ကျွမ်းသွားသည့်လူနေဆောင်များအစား ယာယီတဲအိမ်များကိုပြည်တွင်းပြည်ပအလှူရှင်များက လှူဒါန်းထားသည့် ငွေကြေးများဖြင့် မတ်လ ၂၈ ရက်နေ့မှစတင်ကာ ဆောက်လုပ်နေရာ ယာယီတဲအိမ် အလုံး ၅၀ ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်