စစ်အာဏာသိမ်းပြီးနောက် ၂ လကျော်အကြာတွင် ပြည်သူ ၆၁၄ ဦးသေဆုံး၊ ဖမ်းဆီးခံရသူ ၂၈၅၇ ဦးအထိရှိလာ


Western News – ဧပြီလ ၉ ရက်

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြကြသည့် ပြည်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဖြိုခွင်းမှုကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့ထိ သေဆုံးသွားသည့်ပြည်သူ ၆၁၄ ဦးအထိရှိလာနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းအရသိရသည်။




ဧပြီလ ၈ ရက်နှင့် ယခင် နေ့ရက်များက ကျဆုံးသွားခဲ့သည့် ပြည်သူ (၁၅) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပြီး လက်ရှိနိုင်ငံတစ်ဝန်း၌ ဆန္ဒပြပြည်သူသေဆုံးသွားခဲ့ရသူမှာ ၆၁၄ ဦးအထိရှိလာနေ ခြင်းဖြစ်သည်။



အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနိုင်သည်ဟု AAPP မှ ထုတ်ပြန်သည်။


ယင်းအပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၈၅၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၅၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ ဖမ်းဝရမ်းထုတ်ခြင်းခံထားရသူ ၅၀၀ ဦးအထိရှိသည်ဟု AAPP က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


ဧပြီလ ၇ ရက်က စစ်တပ်မှ အင်အားအလွန်အကျွံသုံး၍ ဖြိုခွင်းခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကလေးမြို့ နှင့် တန့်ဆည်မြို့၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့တို့၌ အရပ်သားပြည်သူ (၂၅) ဦးသေဆုံးခဲ့သည်။
Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်