ခန္ဓာကိုယ်၌ မိုင်းစများကျန်ရှိနေသည့်အမျိုးသမီးမှာ ၂ နှစ်နီးပါးကြာ မိုင်းစများကို မထုတ်နိုင်သေး၊ အသက်ရှုရခက်သည့် ဝေဒနာများခံစားနေရ


Western News- ဧပြီလ ၉ ရက်

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့က မြောက်ဦးမြို့နယ်၊ ညောင်ပင်လှကျေးရွာမှ ကျေးရွာအနီးရှိ ယိုးဖျားတောင်သို့ ဟင်းရှာရန် သွားစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားသဖြင့်အမျိုးသားဖြစ်သူ အခင်းဖြစ်ပွားခဲ့သည့်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။



ဇနီးဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်အဝိုင်းချေမှာ ဘယ်ဖက်ရင်ဘက်အတွင်းပိုင်းနှင့် ခြေထောက်တို့တွင် ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ကျန်ရှိ နေသည့် မိုင်းစများကို ခွဲစိတ်ဖယ်ထုတ်နိုင်င်ခြင်းမရှိသည်မှာ ၂ နှစ်နီးပါးကြာမြင့်နေပြီဖြစ်ကြောင်းကာယကံရှင်မှပြောသည်။



၎င်းဒဏ်ရာတို့ကြောင့် ဒေါ်အဝိုင်းချေမှာမြောက်ဦးဆေးရုံ၌ ၁ လကျော်ကြာဆေးကုသမှုခံယူခဲ့သော်လည်း ဒူးနှင့် ဘယ်ဖက်ရင်ဘက် အတွင်းပိုင်း၌ ကျန်ရှိနေသည့်မိုင်းစများမှာ အလွန်သေးငယ်သည့်အတွက် ခွဲစိတ်ဖယ်ထုတ်နိုင်ခြင်းမရှိခဲ့သဖြင့် စစ်တွေဆေးရုံကြီး၌ ဆက်လက်ဆေးကုသမှုခံယူခဲ့ရသည်။



ယင်းအပြင် စစ်တွေဆေးရုံကြီးမှဆရာဝန်ကြီးကလည်း သူမ၌ ကျန်ရှိနေသည့်မိုင်းစများမှာအလွန်သေးငယ်သည့်အတွက် ခွဲစိတ်မှု မပြုလုပ်ဘဲ ၆ လကြာသောက်ဆေးများပေးပြီး အခြေအနေစောင့်ကြည့်ရန် ညွှန်ကြားထားသည်ဟု ဒေါ်အဝိုင်းချေ၏ ဆေးဝါးနှင့် ခရီးသွားလာရေး စရိတ်များကို ကူညီထောက်ပံ့ပေးနေသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုခိုင်စိုးလင်းကပြောဆိုသည်။



“ဆရာဝန်ကို ပြတဲ့အခါမှာလည်း ခွဲရမယ်၊ မခွဲရဘူးဆိုတာ အတိအကျမပြောဘူး။ ခွဲမယ်ဆိုရင်လည်း တစ်ကြိမ်တည်းနဲ့ ခွဲထုတ်လို့ မရနိုင်ဘူး။ မိုင်းအစအနတွေက တော်တော်များတယ် ရင်ဖက်ကျန်ရှိနေတာ။ အဲဒါကြောင့် ဆေးသောက်ပြီးတော့ နောက်ထပ် ၆ လလောက်စောင့်ကြည့်ဖို့ပြောတယ်”ဟုပြောဆိုသည်။



ခန္ဓာကိုယ်၌ မိုင်းစများကျန်ရှိနေသည့်အတွက် ဒေါ်အဝိုင်းချေမှာ မကြာခဏနေမကောင်းဖြစ်ခြင်း၊ အသက်ရှုရခက်ခဲခြင်းစသည့် ဝေဒနာများကို ခံစားနေရသည်ဟု သမီးဖြစ်သူ မနှင်းအေးခိုင်က ပြောသည်။


“အိမ်မှာက အဖေလည်းမရှိတော့ဘူးဆိုတော့ အမေကပဲ ဟင်းရောင်းပြီးတော့ စားဝတ်နေရေးကိုဖြေရှင်နေတာ။ အမေဟင်းရောင်း တာကရောက်ရင် အရမ်းမောတယ် သမီးဆိုပြီးပြောတယ်။ အသက်ရှုကြပ်တယ်လို့ပြောတယ်။ ဆောင်းရာသီတုန်းကဆိုရင် ပိုပြီးတော့ ဖြစ်တယ်။ အသက်ရှုကြပ်တာတို့၊ အသက်ရှုမဝတာတို့၊ ကိုက်ခဲတာတို့ဖြစ်တယ်” ဟုပြောဆိုသည်။



၎င်းမှာ တစ်လတစ်ကြိမ် စစ်တွေသို့ လာရောက်ကာ ဆရာဝန်နှင့် ပြသနေရပြီး ဆရာဝန်ကြီးမှ ပေးလိုက်သည့် ဆေးများကိုနေ့စဉ် သောက်နေရသော်လည်း အခြေအနေက သက်သာမှုမရှိသေးဟု သမီးဖြစ်သူက ပြောဆိုသည်။ ၎င်းအမျိုးသားဖြစ်သူမှာလည်း သေဆုံးသွားပြီးနောက်ပိုင်း သူမ၏ သားသမီး ၂ ဦးနှင့်အတူ ရာသီပေါ်ဟင်းသီးဟင်းရွက်များရောင်းချကာ မိသားစုစားဝတ်နေရေးကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရနေရသည် ၎င်းကပြောဆိုသည်။


ပြီးခဲ့သည့်ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာအမှ အမျိုးသမီးတစ်ဦးမှာ ထင်းခုတ်ရန်သွားစဉ် မိုင်းထိမှန်သဖြင့် ခြေထောက်တစ်ဖက်ဖြတ်တောက်လိုက်ရပြီး မျက်လုံးတစ်ဖက်မှာလည်း ကွယ်ခဲ့ရသည်။



ယင်းအပြင် ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း မင်းပြားမြို့နယ် ၊စပါးထားကျေးရွာ၌ စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲရာမှ ၁ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့သည်။အလားတူ ဧပြီလ ၄ ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွှာရှိနေအိမ်တစ်လုံး၏ခြံဝင်းအတွင်း၌ စစ်ကျန်လက်နက်တစ်ခု ပေါက်ကွဲမှုကြောင့် သားမိ ၃ ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။


၂ နှစ်နီးပါးကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကျန်လက်နက်များပေါက်ကွဲခြင်း၊ မြေမြုပ်မိုင်း ပေါက်ကွဲခြင်းတို့ကြောင့် အသက်ဆုံးရှုံး ခဲ့ရသူ ၄၁ ဦးထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများ ၈၈ ဦးအထိရှိသည်ဟုလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်း အရုံး REC ၏မှတ်တမ်းများအရသိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်