test1

ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ဝင်ခွင့်မပြု


Western News- ဧပြီ ၁၀ ရက်

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှာရနာဘာဂနာဟာက မြန်မာစစ်ခေါင်းဆောင်များနှင့် ဝင်ရောက်တွေ့ဆုံခွင့် ရရန် ထိုင်းနိုင်ငံဘန်ကောက်သို့ ရောက်ရှိနေပြီး ကြိုးစားနေသော်လည်း ယခုအချိန်အထိ တွေ့ဆုံခွင့်ရရန် အလားအလာမမြင်ရသေးဟု ဘန်ကောက်ပို့စ် ကရေးသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှာရနာဘာဂနာဟာက

မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်၍ ဆန္ဒပြနေကြသူများကို သွေးထွက်သံယိုနှိမ်နင်းမှုများပြင်းထန်လာချိန်တွင် ကုလသမဂ္ဂက အထူးသံတမန် မစ္စခရစ္စတင်းရှာရနာဘာဂနာကို ဆွေးနွေးညှိနှိုင်မှုအားဖြင့် သံတမန်နည်းအရ အဖြေရှာနိုင်ရန်အတွက် မြန်မာနိုင်ငံသို့စေလွှတ်ခဲ့ရာ ယမန်နေ့က ဘန်ကောက်သို့ရောက်ရှိလာသည်။


ခရစ္စတင်း၏ အစီအစဉ်များတွင် စစ်ခေါင်းဆောင်များကို ပြည်သူလူထုကတောင်းဆိုနေသော ဒီမိုကရေစီလမ်းစဉ်များကို လိုက်လျော ဆောင်ရွက်ရန် ဆောင်ရွက်နိုင်မည့်အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွက် ကြားဝင်ဆောင်ရွက်နိုင်ရေးအပါအဝင် အာဆီယံနိုင်ငံများနှင့်လည်း တွေ့ဆုံရေးလည်းပါဝင်သည်။တပ်မတော်ဘက်ကမူ ၎င်းတို့အနေနှင့်ခရစ္စတင်းကို တွေ့ဆုံရန် အဆင်သင့်မဖြစ်သေးဟု အကြောင်းပြန်ထားသည်။



“ကျွန်မအနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးပွဲနဲ့ အဖြေရှာဖို့အဆင်သင့်ပါပဲ။ အကြမ်းဖက်နှိမ်နင်းမှုတွေဟာ ငြိမ်းချမ်းတဲ့ ရေရှည်အတွက် ပိုကောင်းလာနိုင်တဲ့ အဖြေတွေဆီကို ဘယ်တော့မှ ရောက်တယ်ရယ်လို့မရှိပါဘူး”ဟု ကုလသမဂ္ဂ အထူးသံတမန်က ၎င်း၏ Twitter မှ တဆင့်ပြောကြားလိုက်သည်။



ထိုင်းနိုင်ငံသို့ရောက်ရှိနေသော ခရစ္စတင်းရှရနာ ဘာဂန်နာသည် တရုတ်နိုင်ငံသို့လည်းသွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အသေးစိတ်ကိုမူ ထုတ်ပြောခြင်းမရှိသေးပေ။ ဇော်မင်းထွန်းကမူ “မြန်မာနိုင်ငံကို ဝင်ဖို့ခွင့်မပြုထားပါဘူး။ ခုချိန်မှာ ဒီလိုခွင့်ပြုဖို့လည်း အစီအစဉ်မရှိဘူး” AFP သတင်းဌာနကို ပြောဆိုခဲ့ကြောင်းရေးသည်။


ထိုသို့ငြင်းဆိုခဲ့သော အစိုးရသည် ယမန်နေ့ကအထိ ပြည်သူပေါင်း ၆၁၄ ဉီးခန့်ကို လက်နက်နှင့် အကြမ်းဖက် သတ်ဖြတ်ခဲ့ပြီးဖြစ်ပြီး လူပေါင်း ၃၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင့် နိုင်ငံရေးအကျဉ်းသားများအကူအညီပေးရေးအဖွဲ့ AAPP က ထုတ်ပြန်ထားသည်။


ဧပြီလ ၉ ရက်နေ့ သောကြာနေ့တွင် သွေးမြေကျမှုများထပ်မံဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့နှင့် မြောက်ဘက် ၆၅ ကီလိုမီတာအကွာတွင်ရှိသော ပဲခူးတွင် သေကျေပျက်စီးမှုအများအပြားဖြစ်ပေါ်ခဲ့သည်။


သေဆုံးသူ အရေအတွက် အတိအကျကို မခန့်မှန်းနိုင်သေးဘဲ အလောင်းများကို ပြန်လည်မရရှိသည့် မိသားစုများစွာရှိနေသေးကြောင်း ဒေသခံများ၏ အဆိုအရသိရသည်။


စစ်တပ်သည် ပြည်သူများကို ခြေမှုန်းရာတွင် လက်နက်ကြီးများကိုပါ အသုံးပြုနေပြီး လူစုခွဲရာတွင် အသုံးပြုသည့် နည်းလမ်းများအစား စစ်ပွဲတွင် ကျင့်သုံးလေ့ရှိသော တိုက်ပွဲအလေ့အထများကိုမြို့ပေါ်တွင် သုံးလာသည်မှာ အတန်ငယ်ကြာမြင့်လာပြီဖြစ်သည်။


စက်သေနတ်များနှင့် လက်ဖြောင့်တပ်သားများကို အသုံးပြုကာ ပစ်ခတ်နေကြသည့် အထောက်အထားများစွာကို မီဒီယာများက ဖော်ပြခဲ့ကြသည်။ နေပြည်တော်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်မူအစိုးရက ဆန္ဒပြသူများဘက်မှ အသုံးပြုခဲ့သည်ဟူသော လက်နက်များဖမ်းဆီးရမိသည်ကို ပြသထားသည်။မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ပြုလုပ်မည့် အာဆီယံ အစည်းအ‌ဝေးကို ယခုလ လကုန်ပိုင်းတွင်ကျင်းပရန် စီစဉ်ထားပြီး အာဆီယံအတွင်းတွင်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများရှိနေကြသည်။


ထိုအကွဲကြားတွင် ထိုင်း၊ လာအိုနှင့် ကမ္ဘာဒီးယားတို့က မြန်မာနိုင်ငံအရေးသည် ပြည်တွင်းရေးသာဖြစ်ပြီး ဝင်ရောက်စွက်ဖက်ရန်မလိုဟု ယူဆသည့်ဘက်တွင်ရှိပြီး စင်္ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ကမူ ပို၍ တက်ကြွသော မူမျိုးဖြင့် အာဆီယံဖြစ်သင့်သည်ဟု ယူဆကြောင်း သဘောထားကွဲနေကြသေးသည်ဟု ဒေသတွင်းသံတမန်တစ်ဦးက ဘန်ကောက်ပို့စ်သို့ပြောကြားသည်။
ကိုးကား -ဘန်ကောက်ပို့စ်
Western News- WN

 share
ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်