test1

ရခိုင်တွင် တိုက်ပွဲမဖြစ်သော်လည်း ၆ လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် ၁၀ ဦး သေဆုံး၊ ၃၀ ကျော်ဒဏ်ရာရရှိ


Western News – မေ ၁၂ ရက်
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်းမှစတင်ကာ ယခုမေလအထိ တိုက်ပွဲဖြစ်ပွားမှုမရှိသည်မှာ ၇ လနီးပါးလောက်ကြာပြီးဖြစ်သော်လည်း မြေမြုပ်မိုင်းနှင့်
စစ်ကျန် လက်နက် ပေါက်ကွဲမှုကြောင့် ၆ လအတွင်းအရပ်သား ၁၀ ဦးသေဆုံးခဲ့ရပြီး ၃၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါအရေအတွက်သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှစတင်ကာ ယခုနှစ် ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့အထိ မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရရှိမှုများကို
Western News ကပြုစုထားသည့်စားရင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်က မိုင်းရှင်းရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပြီး အမ်း-စစ်တွေ ကားလမ်းမကြီးနှင့် ရသေ့တောင်- အငူမော်ကားလမ်းတစ်လျှောက် မိုင်းရှင်းလမ်းရေးလုပ်ဆောင်ခဲ့သော်လည်း
တပ်မတော်အနေဖြင့်တော၊ တောင်များကို မိုင်းရှင်းလင်းရန်အစီစဉ်မရှိသေးကြောင်း မတ်လ ၆ ရက်နေ့က ဗိုလ်မှူးကြီးမင်းသန့်ကပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းအသီးသီးတွင်နေထိုင်ကြသည့်စစ်ဘေးရှောင်များ၏ ပြောဆိုချက်အရ တပ်မတော်အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ကားလမ်းတလျှောက်သာမက တော၊
တောင်များကိုလည်း ရှင်းလင်းပေးမှသာ မိမိတို့အနေဖြင့်နေရပ်ပြန်နိုင်မည်ဟု စစ်ဘေးရှောင်များ ကပြောဆိုထားသည်။

စစ်တွေမြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့်ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာက ဦးမောင်စိုးဖြူက လည်း မိုင်းအန္တရာယ်များရှိနေသောကြောင့် မိမိတို့နေရပ်သို့
မပြန်နိုင်သေးခြင်းဖြစ်သည်ဟု ပြောသည်။

“ ကျွန်တော်တို့လို လက်လုပ်လက်စားတွေက တောတောင်တွေကို မှီခိုပြီး စားသောက်နေရတာပါ။ အခုလို တော၊ တောင်တွေမှာ မိုင်းတွေထောင် မထားစေချင်ပါဘူး။ ကျွန်တော်သမီးဆိုရင် မိုင်းထိပြီးခြေထောက်လည်း
တစ်ဖက် ဖြတ်လိုက်ရပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်သွားရင် အဲဒီတောတောင်တွေကို မှီခိုပြီး စားသောက်ရမှာဖြစ်တဲ့အတွက် မိုင်းဒဏ်ကို ကြောက်လို့ရွာကို မပြန်ရဲသေးတာ” ဟု ပြောသည်။

မေလ ၈ ရက်နေ့တွင် မင်းပြားမြို့နယ်စပါးထားကျေးရွာမှ ဦးစိန်လှိုင်သည်ရွာအနီးတောင်မှ စစ်ကျန်လက်နက် တစ်ခုယူဆောင်လာပြီး အိမ်အရောက်တွင် ပေါက်ကွဲမှုကြောင်း သုံးဦးဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် မေလ ၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပိန္နဲတော ကျေးရွာ နေဦးခင်မောင်အေးမှာ မိမိတို့ကျေးရွာ အနီးဆင်အင်း တောင်ပေါ်သို့ ထင်းခုတ်ရန်သွားစဉ်မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့်
ယင်းနေရာ၌ ပင်သေဆုံးသွား ခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ကလည်းကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာနေ ဒေါ်အေးအေးသိန်းနေအိမ်ခြံဝန်းထဲ၌ စစ်ကျန် လက်နက်ပေါက်ကွဲမှုကြောင့် ဒေါ်အေးအေးသိန်းအပါဝင်သား ၃ ယောက်သေဆုံးခဲ့ပြီ
နောက်တစ်ဦးမှာလည်း ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂ နှစ်ကျော်တာဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှု ကြောင့် အရပ်သားသေဆုံးသူ ၄၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၉၁ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသား
မျိုးနွယ်စုများအစည်းအရုံး (REC)၏ မှတ်တမ်းများ အရ သိရသည်။

မိုင်းအန္တရာယ်အသိပညာပေးမှုများနှင့် ပတ်သက်ပြီး ဒေသအတွင်း၌ အရပ်ဘက်အဖွဲ့အစည်းအချို့က စစ်ဘေးဒုက္ခသည် စခန်းများတွင် အသိပညာပေးမှုဆောင်ရွက်မှုများရှိသော်လည်း ငွေကြေးအခက်အခဲကြောင့်
ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင် ဆောင်နိုင်ခြင်းဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)မှ အတွင်းရေးမှူးကိုဇော်ဇော်ထွန်းက ပြောသည်။

“အဓိကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေ။ အဲဒီဒေသတွေမှာ နေထိုင်ကြတဲ့လူတွေကို မိုင်းပညာနဲ့ ပတ်သက်ပြီးအားလုံး သိနိုင်အောင်ကြိုးစားပြီးလုပ်သင့်တယ်။ လတ်တလောအခြေ အရအဘက်ဖက်အဖွဲ့စည်းတွေက
ဘဏ်စနစ်ပုံမုန်မလည် ပတ်နိုင်တာကြောင့် ငွေကြေးအခက်ခဲ့ရှိတော့ဆက်မလုပ်နိုင်တော့ဘူး” ဟု ပြောသည်။

မြေမြုပ်မိုင်းကြောင့်ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများကို အစိုးရအပါဝင် အရပ်ဖက်အဖွဲ့စည်း များအနေဖြင့် ၎င်းတို့ဘဝပြန်ထူထောင်နိုင် ရန်ကူညီဆောင်ရွက်ပေးသင့် သည်ဟု ကျောက်တော်မြို့နယ် ပြည်သူလွှတ်တော်
ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းကပြောသည်။

“သက်ဆိုင်ရာအဖွဲ့အစည်း၊သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့သူတို့၏ဘဝ ရှေ့ရေးအတွက်စဉ်းစားပေး သင့်တယ်။ ဒီလူတွေမှာ ခြေမရှိတော့ဘူးဆိုရင် လက်ဖြင့်လုပ်လို့ရမည့်သက်မွေးဝမ်းကျောင်းပညာတစ်ခုခုပေါ့။
ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေထဲမှာ လူငယ်ပိုင်းတွေလည်းပါတယ်။ သူတို့နဲ့ပတ်သက်ပြီး သက်မွေးဝမ်းကျောင်း တစ်ခုခုတော့လုပ်ပေးသင့်တယ်”ဟုပြောသည်။

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်