ဘူးသီးတောင်မှ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ချခံရ


Western News-ဇင်သန့်
သြဂုတ် ၁၆ ရက်

ရခိုင်ပြည်နယ်၊တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးကို မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ယခုလ ၁၄ ရက်နေ့က ပယ်ချခဲ့သည်။

အဆိုပါကိုယ်စားလှယ်လောင်းမှာ ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူ အဘူတာဟေရ်ဖြစ်ပြီး ၎င်းကို ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် မကိုက်ညီဟုဆိုကာ ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“အဓိကတော့ ခရိုင်လဝကဦးစီးဌာနမှူးကနေ တင်ပြလာတာကတော့ မိဘနှစ်ပါးပေါ့နော်။ ကျွန်တော်မမွေးခင်က နိုင်ငံသားမဖြစ်ခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ဆွေးနွေးခဲ့ဖူးတယ် ဆိုတော့ အဲဒီအချက်ပဲဖြစ်မယ်” ဟု အဘူတာဟေရ်ကပြောသည်။

အဘူတာဟေရ်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ်မှ ပြည့်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို၊ ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ယှဉ်ပြိုင်ခဲ့ပြီး ယင်းအချိန်က ယခုလိုပယ်ချခဲ့ခြင်းမရှိဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဘူးသီးတောင်မြို့နယ် မှဝင်ရောက်ယှဉ်ပြိုင်ရန်အမည် စားရင်းတင်သွင်းစဉ်က ကန့်ကွက်သူရှိသဖြင့် ပယ်ချခံခဲ့ရပြီး ယခုတစ်တစ်ကြိမ်တွင် ကန့်ကွက်မည့်သူမရှိဘဲ ပယ်ချခံခဲ့ရခြင်းဖြစ်သည်။

“ ပယ်တယ်၊ မပယ်ဆိုတာက နှစ်ပိုင်းရှိတာပေါ့။ အရင် ၂၀၁၀ တုန်းကလည်းဒီဥပဒေတွေပါပဲ။ ရွေးကောက်ပွဲဥပဒေက ပြောင်းလဲခြင်းမရှိဘူး။ မဲထည့်ပိုင်ခွင့်တစ်ချို့ကိုသာပြောင်းထားတာ။ ဒါပေမယ် အဲဒီတုန်းက ကျွန်တော်တို့မပယ်ခဲ့ဘူး။ အရွေးခံပိုင်ခွင့် ရခဲ့တယ်။” ဟု အဘူတာဟေရ်ကပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့ကလည်း စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အမည် စာရင်းတင်သွင်းသူ အဒူရော်ရှိ ကိုလည်း ၎င်းမွေးဖွားစဉ် မိဘနှစ်ပါးမှာ နိုင်ငံသား မဟုတ်ဟုဆိုကာ စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ပယ်ချခဲ့သည်။

မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကို Western News ဆက်သွယ်မေးမြန်းရာတွင် အဘူတာဟေရ်မွေးဖွားစဉ်က မိဘနှစ်ပါးမှာ နိုင်ငံသားမဖြစ်သည့်အတွက် ပယ်ချခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“မွေးဖွားစဉ်က မိဘနှစ်ပါးမှာနိုင်ငံသားမဖြစ်လို့၊ အဲဒါကအဓိကချက်လေ၊ ဥပဒေနဲ့ငြိမ်ရင်တော့ ကျွန်တော်တို့ကဘာမှ မတတ်နိုင်ဘူး။ သူ့အနေနဲ့ ပြည်နယ်ကို ခုနှစ်ရက်အတွင်းအယူခံခွင့်ရှိတယ်။ အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ တင်ပြနိုင်ရင် ပြည်နယ်ကလက်ခံတယ်ဆိုရင် အလိုအလျှောက်ရွေးကောက်ပွဲဝင်ခွင့်ရှိတယ်” ဟု ဆိုသည်။

ပယ်ချခံရသည့် ကိုယ်စားလှယ်လောင်း အဘူတာဟေရ်အနေဖြင့် ပြည်နယ်ကို အယူခံဝင်နိုင်ရန် ပြင်ဆင်နေကြောင်းလည်းသိရသည်။

ကိုယ်စားလှယ်လောင်းရွေးချယ်စီစစ်ရေးကို သြဂုတ် ၁၁ ရက်နေ့မှ ၁၇ နေ့အထိဆောင်ရွက်လျှက်ရှိပြီး ရခိုင်တစ်ပြည်နယ်လုံး အတိုင်းတာဖြင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၃၈၆ ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

Western News – WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်