test1

ရခိုင်ပြည်ရှိ မြို့နယ်နှင့်ကျေးရွာဒေသအချို့တွင် ရေရှားပါးမှုကြုံနေရဆဲ


Western News – မေလ၊ ၁၂ ရက်

ရခိုင်ပြည်၏ မြို့နယ်နှင့် ကျေးလက်ဒေသအချို့တွင် နွေရာသီစလယ်လောက်မှ ရေရှားပါးမှုကြုံနေရခြင်းဖြစ်ပြီး ထိုအခြေအနေအား ယခုမေလလယ်ထိခံစားနေရဆဲဖြစ်ကြောင်း
သောက်သုံးရေရှားပါးမှုဖြစ်နေသည့်ရပ်ရွာများမှ ဒေသခံများက ဆိုသည်။

မိုးရာသီနှင့်နီးကပ်လာပြီဆိုသော်လည်း နွေရာသီရောက်သည်နှင့်ကြုံတွေ့နေရသော ရေရှားပါးမှုအခြေအနေမှာ ဆက်လက်ခံစား နေရဆဲဖြစ်ပြီး မိုးရွာချမှုပုံမှန်မဖြစ်သည့်အခြေအနေထိ
ယခုကဲ့သို့ရေရှားပါးမှုဒဏ်အားခံနေရဦးမည်ဖြစ်ကြောင်း ရမ်းဗြဲမြို့နယ် ခမောင်းချောင်းကျေးရွာမှ ဦးလှရွှေကဆိုသည်။

“ရေရှားတာကနွေရာသီရောက်တိုင်း ကြုံနေရတဲ့ပြဿနာပါ။ မိုးပုံမှန်မရွာသရွေ့ ဒီဒဏ်ကိုခံနေရဦးမှာပါပဲ။ ကျွန်တော်တို့ရွာမှာတော့ ကန် ၃ ကန်ရှိတယ်။ ၂ ကန်ကရေလုံးဝခမ်းသွားပြီ
၁၏ကန်ကတော့သောက်ရေအတွက်လျာ ထားရပါတယ်။ သုံးရေကိုတော့ အနီးအနားက ရေချိုရနိုင်တဲ့ချောင်းတွေကနေရှာခပ်ပြီးသုံးနေကြရပါတယ်” ဟုဆိုသည်။

၎င်းကျေးရွာတွင် အိမ်ခြေ ၁၃၀ ကျော်ရှိပြီး လူဦးရေ ၈၀၀ နီးပါးခန့်နေထိုင်ကြောင်းသိရသည်။
အမ်းမြို့နယ် ဂဏန်းပြင်အုပ်စု သလူမော်ကျေးရွာတွင်လည်း ဧပြီလလောက်မှစ၍ ရေရှားပါးမှုကြုံနေကြရခြင်းဖြစ် ပြီး ရွာမှ ကျောက်ဖြူမြို့နယ်ဘက်သို့ စက်လှေများဖြင့်ရေသွားရောက်
သယ်ယူရကြောင်း၊ သွားလာရသည့် လမ်းခရီးမှာ ၂ နာရီခန့်ကြာကြောင်း အဆိုပါကျေးရွာမှ ဦးခင်မောင်က ဆိုသည်။

“ရေကတော့ တော်တော်ကိုရှားနေတာပါ။ ၄ လပိုင်းလောက်ကနေစရှားပါပြီ။ ရေကို ကျောက်ဖြူမြို့နယ်ဘက် ကနေပြီး စက်လှေတွေနဲ့ သွားသယ်နေရပါတယ်။ ၂ နာရီလောက်တော့သွားရတယ်။
သောက်ရေရောသုံးရေပါ နှစ်ခုလုံးရှားနေတာပါ” ဟုပြောသည်။

အဆိုပါ သလူမော်ကျေးရွာတွင် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်ရှိကြောင်းသိရသည်။
မြေပုံမြို့ရှိ အငူရွာအုပ်စုတွင်လည်း ရွာနှင့်နှစ်မိုင်ခန့်ဝေးသည့်အရပ်မှ သုံးဘီး၊ ထော်လာဂျီများဖြင့်ရေသွားရောက် သယ်ယူပြီးမှ သုံးစွဲနေကြရကြောင်း မြေပုံဒေသခံတစ်ဦးဖြစ်သည့် ကိုခိုင်ကိုဝင်းကဆိုသည်။

“ရေက မြို့ပေါ်ရပ်ကွက်တွေမှာလည်းရှားပါတယ်။ အငူကျေးရွာအုပ်စုမှာဆိုရင် မြို့ကနေ ၂ မိုင်ကျော်လောက်ဝေး တဲ့ရေကန်ကနေ သုံးဘီးတွေ၊ ထော်လာဂျီတွေနဲ့ သွားယူပြီးသုံးနေကြရပါတယ်။”
ထို့အပြင် မြေပုံမြို့နယ်၏ ကျေးရွာများဖြစ်သည့် အုန်းတောနှင့် ငမိုင်းကျွန်း တို့တွင်လည်းရေရှားပါးနေကြောင်း၎င်း ကဆက်ပြောသည်။

ရခိုင်ပြည်သည် မုတ်သုန်လေအစောဆုံးဝင်ရောက်တတ်သောဒေသတစ်ခုဖြစ်ကာ မိုးရေချိန်အများဆုံးရွာချတတ် သောနေရာတစ်ခုဖြစ် သော်လည်း မြို့နယ်နှင့်ကျေးလက်ဒေသတို့တွင် နှစ်စဉ်နွေရာသီမှစ၍
မိုးရွာချမှုပုံမှန်မဖြစ် သည့်အချိန်ထိရေရှားပါးမှုဒဏ်အား ခံနေကြရသည်။

ဖော်ပြပါမြို့နယ်ကျေးရွာများအပြင် စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့် တစ်ခြားမြို့နယ်၊ ကျေးလက်ဒေသများတွင်လည်း နှစ်စဉ်ရေရှားပါးမှုပြဿနာကိုကြုံကြရသည်။
ရခိုင်ရှိ ရေရှားပါးမှုပြဿနာသည် အစိုးရအဆက်ဆက်ကြုံတွေ့နေရသောပြဿနာတစ်ခုဖြစ်ပြီး ပြည်သူ့အစိုးရဖြစ် သည့် NLD အစိုးရလက်ထက်တွင်လည်းဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ
ယခုစစ်ကောင်စီလက်ထက်တွင်လည်း ရေရှားပါး မှုပြဿနာမှာ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်သည်။

Western News- WN

ဓာတ်ပုံ-ပိုးရွီပြင်မဟာမိတ် လူမှုအသင်း

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်