test1

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်း နေရာတွင် ဗိုလ်မှူးကြီးကျော်သူရအား ပြောင်းလဲ ခန့်အပ်


Western News – မေလ ၁၃ ရက်

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကြည်း ၂၃၁၈၅ ဗိုလ်မှူးကြီး မင်းသန်း နေရာတွင် ကြည်း ၂၅၇၇၅ ဗိုလ်မှူးကြီးကျော်သူရအား မေလ ၁၂ ရက်နေ့မှစတင်ကာ အစားထိုးပြောင်းလဲ ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိင်ငံပိုင်သတင်းစာက ထုတ်ပြန်ကြေညာသည်။

အဆိုပါကြေညာချက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၄၁၉ အရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အပ်နှင်းလျက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ကြည်း ၂၅၇၇၅ ဗိုလ်မှူးကြီးကျော်သူရအား ခန့်အပ်ကြောင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးမှ အမိန့်အရဖြင့် ထုတ်ပြန်လိုက်ခြင်းဟု ပါရှိသည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် ဗိုလ်မှုးကြီးမင်းသန်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်