test1

ရခိုင်ပြည်နယ်၏ နေလှန်းဆားထုတ်လုပ်မှုတွင် နည်းပညာပိုင်းလိုအပ်နေ


Western News – မေလ ၁၄ ရက်

ရခိုင်ပြည်၏ နေလှန်းဆားထုတ်လုပ်မှုပိုင်းတွင် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ဆားထုတ်လုပ်ရာတွင် ပြုပြင်ထားသောမြေသားကွင်းအတွင်းသို့ ပင်လယ်ရေများကိုသွင်းကာ အဆင့်ဆင့်ချက်လုပ်သောနည်းလမ်းကို အသုံးပြု၍လုပ်ကိုင်နေဆဲဖြစ်ကြောင်း
ထိုနည်းလမ်းမှာ ဆားတွင်းရွံပါဝင်မှုများ၍ ဈေးကွက်သို့ထင်သလောက် မထိုးဖောက်နိုင်ဖြစ်နေပြီး ယခုထက်အရည်သွေးပိုမြင့်နိုင်ရန်မှာ ထုတ်လုပ်မှုနည်းပညာပိုင်းလိုအပ်ကြောင်း
ပေါက်တောမှ ဆားလုပ်ငန်းလုပ် ကိုင်နေသူတစ်ဦး ဖြစ်သည့် ဦးကျော်စိန်မှ ဆိုသည်။

“ ခုဆားထုတ်လုပ်မှုကတော့ အရင်တုန်းကထုတ်လုပ်မှုနည်းလမ်းအတိုင်းလုပ်နေကြတာပါပဲ။ ဒီနည်းက ပြောရမေဆိုရင် ဆားထဲရွံပါဝင်မှု ရှိတယ်ပေါ့နော်။ အဲ့ဒါကြောင့် ဆားဈေးကွက်မှာ
သိပ်မထိုးဖောက်နိုင်ဘူးပေါ့။ ထုတ်လုပ်တဲ့ဆားတွေ ဒီထက်အရည်သွေးပိုကောင်းဖို့ ဆိုရင် ထုတ် လုပ်မှုနည်းပညာပိုင်းတွေလိုအပ်မယ်ထင်တယ်” ဟုပြောသည်။

ယခုနှစ်တွင် ဆားကြမ်း ၁ ပိဿာ၏ဈေးနှုန်းမှာ ၅၀ ကျပ်နှုန်းခန့်ဖြင့် ဝယ်ယူပြီး ဆားချော ၁ ပိဿာကို ၁၀၀ ကျပ်နှုန်းခန့်ပြန်လည် ရောင်းချရ ကြောင်း၊ ပြည်မဘက်မှ ဆားများနှင့်ယှဉ်လျှင်
ရောင်းချရမှုနှုန်း အနည်း ငယ်ကျဆင်းပြီး ထုတ်ပိုးမှုပုံစံကြောင့်ဟုထင်ကြောင်း ကျောက်ဖြူမှ ဆားချောထုတ်လုပ်နေသူ ကိုထွန်းထွန်းမှပြောသည်။

“ ဒီနှစ် ဆားကြမ်း ၁ ပိဿာကို ၅၀ ဝယ်တယ်။ ဆားချောက ၁ ပိဿ ၁၀၀ နဲ့ရောင်းရတယ်။ ဆားရောင်းရတာက ပြည်မကဆားတွေနဲ့ ယှဉ် ရင် ရခိုင်ဘက်ကဆားတွေက ရောင်းအားနည်းနည်းကျတယ်။
အရည် အသွေးကွာဟမှုထက် ထုတ်ပိုးမှုပုံစံကြောင့်လို့တော့ ထင်ပါတယ်” ဟုဆိုသည်။

ယခင် ၁၀ နှစ်ကျော်ခန့်က ရခိုင်မှဆားများသည် ပြည်ပဈေးကွက်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရောင်းချနိုင်ခဲ့သော်လည်း ယခုအခါ ဆားထုတ်လုပ်မှုနည်းပညာကွာဟမှုကြောင့်
အဆိုပါဈေးကွက်တွင် တင်ပို့ရောင်းချနိုင်မှုမရှိတော့ပေ။

ပြည်နယ်အတွင်းထွက်ရှိသော ဆားများကို ပြည်နယ်အတွင်းရှိ မြို့နယ် များတွင်ရောင်းချပြီး ပြည်မဖက်သို့တင်ပို့နိုင်မှု လည်းနည်းပါး သေးကြောင်း၊ ဆားချောလုပ်ငန်းတစ်ခု၏
တစ်နှစ်စာရောင်းချရမှုခန့်မှန်းခြေမှာ ဆားပိဿာချိန် ၁၅ သိန်းခန့်သာရောင်းချရကြောင်း ကျောက်ဖြူမှ ဆားချော လုပ်ငန်းလုပ်ကိုင်သည့် ကိုလင်းလင်း ကဆိုသည်။

“ ဆားရောင်းတာက ကိုယ်ပြည်နယ်အတွင်းမှာရောင်းချရပါတယ်။ ပြည် မဘက်ကိုတင်ပို့မှုကတော့ အနည်းငယ်လောက်ပဲရှိပါသေးတယ်။ ကျနော်တို့လုပ်ငန်းအနေနဲ့တော့
တစ်နှစ်ကို ခန့်မှန်းခြေ ပိဿာချိန် ၁၅ သိန်းလောက်ပဲရောင်းရပါတယ်” ဟုပြောသည်။

ရခိုင်တွင်နေလှန်းဆားလုပ်ငန်းကို ကျောက်ဖြူ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင်အဓိကလုပ်ကိုင်ကြသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်