Western News – မေလ ၁၇ ရက်
မင်းပြားမြို့နယ်နှင့် ၅ မိုင်ခန့်ကွာဝေးပြီး ရာမောင်ကြိုးတံတားနှင့်ဘေးချင်းကပ်လျှက် အသစ်တည်ဆောက်လျက်ရှိနေသည့့် ရာမောင် တံတားအသစ်မှာ
ယခုနှစ်မေလ ဒုတိယအပတ်တွင်ပြီးစီးသွားပြီဖြစ်သည့် အတွက် မေလကုန်တွင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း လမ်းတံတားဦးစီးဌာနမှသိရသည်။
အဆိုပါတံတားကို လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတံတား ဆောက်လုပ်မှု ကုန်ကျငွေမှာ
ကျပ်သန်း ပေါင်း ၁၂၀၀၀ ခန့် ကုန်ကျခဲ့သည်ဟု လမ်းတံတားအထူးအဖွဲ့မှ ဒုညွှန်ကြားရေးမှူး ဦးမင်းခိုင်ကပြောသည်။
“ကျွန်တော်တို့ ဒီတံတားကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ၁၀ လပိုင်း ၁ ရက်နေ့ကစပြီး ဆောက်လုပ်တာပေါ့။ ပြီးစီးတဲ့ ရက်ကတော့ မေလ ၃၁ ရက်ပါ။
ပြီးစီးနေပါပြီ သွားလာလို့ရပါပြီ။ တံတား ဒီဇိုင်းအဖွဲ့ကနေ လာစစ်ဆေးပြီးတော့ အားလုံးအဆင်ပြေရင် ဒီလ ကုန်ဆိုရင် သွားလာလို့ရပါပြီ။
အဲဒီတံတားကိုတည်ဆောက်တဲ့ကုန်ကျငွေက စုစုပေါင်း ကျပ်သန်းပေါင်း ၁၂၀၀၀ လောက်ရှိပါတယ်” ဟုပြောသည်။
ရာမောင်ကြိုးတံတား အသုံးပြု၍ မရစဉ်ကတည်းက ခရီးသည်တင်ကားများ၊ ကုန်တင်ကားများမှာ မင်းပြားမြို့နယ်ရှိ လေးမြို့မြစ်ကိုဖြတ်ကူးရန်အတွက်
ဇက်သင်္ဘာများနှင့် တစ်ဆင့် တင်ပို့မှုကို အချိန်ကြာမြင့်စွာစောင့် ဆိုင်းရသည့်အတွက် ခရီးကြန့်ကြာမှုများ ရှိနေသည်။
အဆိုပါ ရာမောင်တံတားသစ်ကို လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုလတွင်စတင်ကာ တည်ဆောက်ခဲ့ပြီး ယခုနှစ် မေလအထိ
၃ နှစ်ခွဲကြာသည်ထိဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
Western News-
WN