Western News – မေလ၊ ၂၀ ရက်
ရခိုင်တပြည်နယ်လုံးတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ် မေလအထိ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးခဲ့သည့် ငွေကြေးပမာဏမှာ ကျပ်သန်းပေါင်း ၁၀၀ ကျော်အထိရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန၏ ပြောကြားချက် အရသိရသည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်ကျွမ်းသည့် အကြိမ်ရေမှာ ၈၁ ကြိမ်ထိရှိခဲ့ပြီး ကာလတန်ဖိုး အားဖြင့် ၇၃ ဒသမ ၆၄၄၅ သန်း ဆုံးရှုံးမှုရှိခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဘုန်းမြင့်အေးက ပြောသည်။
“၂၀၂၀ ခုနှစ်က ရခိုင်တပြည်နယ်လုံးမှာ မီးလောင်မှု ၈၁ ကြိမ်ထိရှိခဲ့ပါတယ်။ ဆုံးရှုံးမှုပမာဏကတော့ ကာလတန်ဖိုး ၇၃ ဒဿမ ၆၄၄၅ သန်းထိရှိပါတယ်။ မီးလောင်တာကတော့ မီးဖိုမီး၊ ပေါ့ဆမီး၊ ရှို့မီး၊ လျှပ်စစ်မီး၊ တောမီး စတာတွေကြောင့်ပါပဲ” ဟုဆိုသည်။
ယခု ၂၀၂၁ ခုနှစ်တွင်လည်း မေလအထိ တပြည်နယ်လုံးအတိုင်းအတာအရ မီးလောင်ကျွမ်းမှု ၃၅ ကြိမ်အထိရှိပြီဖြစ် ပြီး ဆုံးရှုံးမှုတန်ဖိုးအားဖြင့် ၆၉ ဒသမ ၂၇၆ သန်းရှိကြောင်း သူကဆက်ပြောသည်။
၂၀၂၀ ခုနှစ်အစမှ ၂၀၂၁ ခုနှစ်မေလအထိ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသည့် စုစုပေါင်းငွေကြေးပမာဏမှာ ၁၄၂ ဒဿမ ၉၂၀၅ သန်း အထိရှိပြီဖြစ်သည်။
ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်ကျွမ်းမှုများကို တားဆီးကာကွယ်နိုင်ရန်နှင့် မီးလောင်မှုအခြေ အနေလျော့နည်း ကျဆင်းစေရေးအတွက် အိမ်တစ်ဆောင်ချင်းအလိုက်စစ်ဆေးမှုလုပ်ဆောင်ခြင်း၊ မီးသုံးစွဲနည်း သတိပေးသင်တန်းများပေးခြင်း၊ မီးသတိပေးဆော်သြခြင်း၊ စက်သုံးဆီဆိုင် စားသောက်ဆိုင် များတွင်မီးဘေးကြို တင်ကာကွယ်မှုများလုပ်ဆောင်ပေးခြင်းနှင့် အကြံပေးခြင်းများပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
Western News- WN