Shwe Pyi tan ship in arakan
test1

မုန်တိုင်းကြောင့် ရခိုင်တွင် ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ် ယာယီရပ်ဆိုင်း


Western News – မေလ၊ ၂၄ ရက်

ရခိုင်ပြည်နယ်တွင် မြို့နယ်အသီးသီးသို့ရေကြောင်းခရီးဖြင့်ပြေးဆွဲနေသည့် ရွှေပြည်တန်(အမြန်ရေယာဉ်)မှာ လတ်တလောဖြစ်ပေါ်နေသည့် မုန်တိုင်းအခြေအနေကြောင့် ပြေးဆွဲနေသည့် မြို့နယ်များကို ယာယီရပ်ဆိုင်းထားသည်ဟု သိရသည်။

မုန်တိုင်းအခြေနေကြောင့် ယနေ့ မေလ ၂၄ ရက်နေ့မှစတင်ကာ ယာယီရပ်ဆိုင်းထားခြင်းဖြစ်ပြီး သဘာဝအခြေအနေပေါ်မူတည်၍ ပြန်လည်ပြေးဆွဲသွားမည်ဟု ရွှေပြည်တန်မှ မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။

“မုန်တိုင်းအခြေအနေကြောင့် ရေကြောင်းပြေးဆွဲမှုကို ဒီနေ့ကစပြီး ကျနော်တို့ရပ်ထားပါတယ်။ သဘာဝ အခြေအနေပေါ်မူတည်ပြီးပဲ ပြန်ပြေးဆွဲပါမယ်”

ဟုပြောသည်။

အဆိုပါ ရွှေပြည်တန်(အမြန်ရေယာဉ်)သည် စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မာန်အောင်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား ရသေ့တောင်၊ ဘူးသီးတောင်စသည့်မြို့ နယ်များကို ပြေးဆွဲနေသောရေယာဉ်ဖြစ်သည်။

စစ်တွေမှ ပေါက်တောသို့ ပြေးဆွဲနေသည့် ပေါက်တောတံခွန်(အမြန်ရေယာဉ်) မှာ ရပ်ဆိုင်းမှုမရှိဘဲ ဆက်လက်ပြေးဆွဲနေပြီး မုန်တိုင်းသတိပေးချက်အရ မေလ ၂၇ ရက်လောက်တွင်သာမုန်တိုင်းဝင်ရောက် နိုင်ခြေရှိနိုင်သည်ဟုထုတ်ပြန်ထားသည့်အတွက် ပြေးဆွဲနေဆဲဖြစ်ကြောင်း ပေါက်တောတံခွန် ပိုင်ရှင် ဖြစ်သည့် ဦးရွှေဖော်သူမှဆိုသည်။

“ဒီနေ့အထိတော့ ရေယာဉ်ပြေးဆွဲနေဆဲပါပဲ၊၊ မုန်တိုင်းဝင်ရောက်နိုင်ခြေကလည်း ၂၇ ရက်နေ့လောက်မှ လို့ထုတ်ပြန်ထားတယ်။ ခုတိုက်နေတဲ့လေတိုက်နှုန်းကလည်း ၁ နာရီ မိုင် ၄၀ နှုန်းလောက်ပဲရှိတာဆိုတော့ ပုံမှန်ပဲလေ။ အခြေအနေပေါ်မူတည်ပြီးတော့ ပြေးဆွဲသွားမှာပါ”

ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ရေကြောင်းခရီးအား ယခုလက်ရှိအနေဖြင့် ရွှေပြည်တန်နှင့် ပေါက်တောတံခွန် အမြန်ရေယာဉ်နှစ်ခုသာ အဓိကပြေးဆွဲနေခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ် အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ မြောက်-အနောက်ဘက် သို့ရွေ့လျားကာ ယမန်နေ့က အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို ရောက်ရှိခဲ့ပြီဖြစ်ပြီး ဆိုင်ကလုန်းမုန်တိုင်း အဖြစ်လည်းရောက်နိုင်ခြေရှိသည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှထုတ်ပြန်ထားသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ကိုကိုးကျွန်းမြို့၏ အနောက်မြောက်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်းလည်းထုတ်ပြန်ထားသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်