war again or not in rakhine
test1

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ရခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်မှာကို ဒေသခံများစိုးရိမ်နေကြသည်


Western News – မေလ ၂၄ ရက်

တိုက်ပွဲများရပ်တန့်နေသော်လည်း တပ်မတော်ဖက်မှ ရခိုင်ရှိ မြောက်ဦး၊ စစ်တွေမြို့နယ်များတွင် စစ်လက်နက်စမ်းသပ်ပစ်ခတ် လေ့ကျင့်မှုများပြုလုပ်မည်ဟု စာထုတ်ပြန်ခဲ့သည်။ သို့သော်လည်းလက်နက်စမ်းသပ်ပစ်ခတ်လေ့ကျင့်မှုကို ပြန်လည်ရုတ်သိမ်းခဲ့သည်။

ယင်းအပြင် အမ်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ် စသည့်မြို့နယ်များတွင် တပ်မတော်မှ တပ်အင်အားတိုးချဲ့ချထားလာမှု၊ တပ်မတော်ရေယာဉ်(ဇက်ရေယာဉ်) များ သွားလာမှုရှိနေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ယင်းကြောင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲတစ်ကျော့ပြန် ပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Western News မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများနှင့် လူမှုရေးလုပ်ကိုင်ဆောင်ရွက်ပေးနေသည့်ဒေသခံများကို ဆက်သွယ်မေးမြန်း တင်ပြပေးလိုက်သည်။

ဦးဖေသန်း( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)မြေပုံမြို့နယ်

အခုလောလောဆယ်တော့ တပ်မတော်နဲ့ရက္ခိုင့်တပ်တော်တို့နားလည်မူရရှိထားတယ်။ ထူးခြားတဲ့အခြေအနေမရှိဘဲတော့ တိုက်ပွဲဖြစ်လာမှာမဟုတ်ဘူး။ ထူးခြားတယ်ဆိုတာက တပ်မတော်ဖက်မှ ထင်သာမြင်သာစစ်ရေးလှုပ် ရှားမူတွေမရှိဘဲနဲ့တော့ လတ်တလောတိုက်ပွဲဖြစ်လာဖို့တော့မရှိဘူး။ တိုက်ပွဲမဖြစ်ဖို့အတွက်လည်း သူတို့အချင်း ချင်းအကျိုးအကြောင်းဆက်သွယ် မေးမြန်းတာတွေရှိတယ်လို့သိရတယ်။ ဘယ်လိုအခြေအနေတွေရှိလဲ၊ ဘာတွေလုပ်ဆောင်နေကြလည်းဆိုတာကို အောက်ခြေတပ်မှူး အချင်းချင်းပြောဆိုဆွေးနွေးနေတာတွေရှိတယ်။ အဲဒါ ကြောင့် တိုက်ပွဲပြန်လာဖို့ဆိုတာမဖြစ်လောက်ဘူး။ အစိုးရဖက်ကလည်း တစ်နိုင်ငံလုံးမှာ ပဋိပက္ခမျိုးစုံကို ဖြေရှင်း နေရတဲ့အချိန်မှာ တစ်စုံတစ်ရာရခိုင်ပြည်နယ်ကို တိုက်ပွဲမဖြစ်ရအောင်တော့အစိုးရက ထိန်းထိန်းသိမ်းသိမ်းတော့ရှိမယ်။ စစ်တပ်ရဲ့သဘောသဘာဝကတော့ သူတို့စစ်ရေးလေ့ကျင့်တာတွေရှိတယ်။ အဲဒီအပေါ်မှာပဲ ပြည်သူလူထုက စိုးရိမ်နေကြပုံရတယ်။ မိမိတို့ဒေသအခြေအနေတော့ တည်ငြိမ်နေတာပဲတွေ့ရတယ်။

ကိုမျိုးလွင် (အမ်းဒေသခံ)

အခုလ (မေလ၂၂) ရက်နေ့ ကစလို့ ကျွန်တော်တို့အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာချောင်းမှာ ဖြတ်သန်းသွားလာမှု ကိုတပ်မတော်က ပိတ်လိုက်တာကိုတွေ့ရတယ်။ ကူတိုးလိုင်းဆွဲစက်လှေတစ်စီးကလွဲလို့ ကျန်စက်လှေတွေကို ကဇုကိုင်းတံတားကနေပြီးတော့ ဒါးလက်ထဲကိုသွားလာခွင့်မပေးဘူးလို့ တားမြစ်မှုတွေရှိလာနေတယ်။ ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးခံထား ရတဲ့သူတွေ၊ အမှုရင်ဆိုင်နေရတဲ့သူတွေကို အမိန့်ချရမယ့်နေ့တွေမှာ အမိန့်မချဘူးလို့ မိသားစုဝင်တွေပြောပြချက်အရသိရတယ်။ တစ်ဖက်မှာ ULA/AAကို အကြမ်းဖက်အဖွဲ့အစည်း ကနေ ပယ်ဖျက်ကြောင်း ကြေညာထားပေမယ့် သူတို့နဲ့ပတ်သက်တယ်ဆိုပြီး အကြမ်းဖက်ဥပဒေနဲ့တရားစွဲဆိုထားတာတွေကို ပြန်လည်မရုပ်သိမ်းဘဲ အခုချိန်ထိတရားရင်ဆိုင်နေရတယ်။ ကျွန်တော်တို့ဒါကိုခြုံငုံ သုံးသပ်လိုက်တော့ တစ်ဖက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တစ်ဖက်နဲ့တစ်ဖက် တင်းမှာမှုတွေရှိနေလားလို့ စိုးရိမ်မိတယ်။ အမ်းမြို့နယ်ဖက်တွေမှာဆိုရင် တပ်မတော်က လေယာဉ်တွေပျံဝဲနေတာတွေ၊ စစ်ကြောင်းတွေသွားလာလှုပ်ရှားနေတာတွေ အရင် ထက်ပိုမိုများပြားလာနေတယ်။ ဒါကြောင့် တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတာထက် သူတို့ရဲ့လှုပ်ရှားမှုက ပြည်သူ လူထုတစ်ရပ်လုံး ကိုခြိမ်းခြောက်နေတယ်လို့မြင်မိတယ်။

ဦးထွန်းဝင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) ကျောက်တော်မြို့နယ်

စစ်ရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေက စစ်ကြောင်းတွေအသွား အလာရှိတယ်။ တောတောင်ထဲတွေလည်းရောက်လာတယ်။ တစ်ခြားလှုပ်ရှားမှုတွေလည်းရှိတာပေါ့။ ဘာရည်ရွယ်ချက်နဲ့လုပ်ဆောင်နေကြတယ်ဆိုတာတော့ကျနော်တို့မသိဘူးလေ။ အဲဒါကိုကြည့်ပြီး စစ်အင်အားတိုးချဲ့နေတာလား၊ ပြင်ဆင် နေတာလားဆိုတာ အရပ်ဖက်အမြင်နဲ့ပြောဖို့ကခက်ခဲပါတယ်။ ပြည်သူတွေအနေနဲ့က အဲ့လိုအရိပ် အရောင်တွေမြင်ရင် စိုးရိမ်ကြတာပါပဲ။ တိုက်ပွဲတွေပြန်များဖြစ်လာမလားပေါ့။ သူတို့တွေအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကို အခုမှစပြီးခံစားခါစပဲရှိသေးတာလေ။ ဒါတောင်ခုဖြစ်နေတဲ့နိုင် ငံရေးအခင်းအကျင်းမှာ နိုင်ငံတစ်ခုတည်း ဖြစ်နေတဲ့အတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ ရခိုင်လူထုအပေါ်ရိုက်ခတ်မှုရှိတာပါပဲ။ အဲဒီကြားထဲမှာ စစ်ရိပ်စစ်ရောင်တွေ မြင်ရတယ်ဆိုတာနဲ့ စစ်ပွဲများ ပြန်ဖြစ်လာမလားဆိုတာ အနည်းနဲ့အများတော့ စိုးရိမ်နေကြတာပေါ့။

ဦးမြတ်ထွန်း (ဒါရိုက်တာ) ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

တပ်အားတွေတိုးချဲ့တာ၊ လက်နက်အင်အားနဲ့ရိက္ခာတွေဖြည့်တာတွေ မြင်နေရတယ်ဆိုပေမယ့် တိုက်ပွဲ ဖြစ်ပွားဖို့အခြေအနေကတော့ မရှိဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အရှေ့ဖက်မှာလည်း တပ်မတော်အနေနဲ့ PDF တပ်ဖွဲ့ရယ်၊ တခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေဖြစ်ပွားနေကြတယ်။ အဲ့တော့ စစ်ကောင်စီအနေနဲ့ အဲဒီဘက်ကိုအာရုံစိုက်နေတဲ့အချိန်ဆိုတော့ ဒီရခိုင်ဖက်မှာ စစ်ဖြစ်နိုင်တဲ့ အလားအလာ မရှိဘူးလို့ခန့်မှန်းပါတယ်။ ဒေသခံတွေစိုးရိမ်နေကြတာက သူတို့ရဲ့အမြင်မှာ လှုပ်ရှားမှုတွေမြင်တွေ့နေရတော့ အပြင်ပန်းအမြင်နဲ့စိုးရိမ်မှုတွေရှိနေတဲ့သဘောပါ။

ကိုကျော်ငြိမ်းထွန်း( ပြင်ပဆက်ဆံရေးတာဝန်ခံ)ရခိုင်ပြည်ကျောင်းသားသမဂ္ဂ

ကျွန်တော်တို့အခုကြားနေရတာက မြောက်ဦးမြို့နယ်မှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်မယ်ဆိုပြီးတော့ တပ်မတော်ဖက်မှ ပြောဆိုလာတာတွေ တွေ့ရတယ်။ ကျွန်တော်တို့ စိုးရိမ်တာတစ်ခုက ရခိုင်ပြည်နယ်ဆိုတာ ၂ နှစ်နီးပါးကြာ တိုက်ပွဲတွေရဲ့အကျိုးဆက်ကို ခံလာရတယ်။ အခုထက်ထိလည်း တိုက်ပွဲတွေရဲ့အကျိုးဆက်တွေကြောင့် ခံစားနေရတဲ့ နေရပ်တွေကိုမပြန်နိုင်သေးဘဲ စစ်ဘေးရှောင် စခန်းတွေမှာ ဒုက္ခတွေမြောက်များစွာနဲ့ခိုလှုံနေထိုင်လို့ရှိနေဆဲပါ။ ရခိုင်ပြည်နယ်မှာ တပ်မတော်ဖက်က စစ်ရေးလှုပ်ရှားမှုတွေများလာရင် တိုက်ပွဲပြန်လို့ဖြစ်လာနိုင်တယ်လို့ မြင်မိတယ်။ တိုက်ပွဲတွေဖြစ်လာဖို့ဆိုတာကလည်း တပ်မတော်ဖက်မှ စလို့ဖော်ဆောင်မှ တိုက်ပွဲက ပြန်ဖြစ်လာနိုင်တာ။ ရက္ခိုင့်တပ်တော်ဖက်ကတော့ စလို့တိုက်ပွဲမဖော်ဆောင်လို့ ယုံကြည်တယ်။ တိုက်ပွဲဖြစ်လာမလား၊ မဖြစ်လားဆိုတာကလည်း တပ်မတော်ရဲ့လုပ်ဆောင်မှု အပေါ်မှာပဲမှုတည်တယ်။

ဦးလှသိန်းအောင်( ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း) မင်းပြားမြို့နယ်

လက်ရှိမှာက ကချင်၊ ကရင်တို့တိုင်းရင်းသားဒေသတွေမှာဖြစ်တဲ့တိုက်ပွဲထဲမှာ ရက္ခိုင့်တပ်တော်ဖက်ကလည်းပါနေတယ်လို့သိရတယ်။ အဲဒါကြောင့် ရခိုင်မှာလည်းတိုက်ပွဲတွေပြန်လို့ဖြစ်လာမလားဆိုတာကို စိုးရိမ်နေကြတယ်။ အခုမြေပြင်အနေအထားမှာလည်း တပ်မတော်ဖက်ကလှုပ်ရှားမှုတွေရှိ လာနေတာကိုတွေ့မြင်နေကြရတယ်။ အဲဒါကြောင့် ပြည်သူလူထုက စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေကြတယ်။ လက်ရှိနိုင်ငံရေးအနေအထားအရတော့ တိုက်ပွဲဖြစ်လာမလား၊ မဖြစ်လားဆိုတာကို ခန့်မှန်းရခက်တဲ့ အနေအထားမှာရှိတယ်။

ကိုဇော်ထွန်း (မြောက်ဦးဒေသခံ)

ULA/AAအနေနဲ့တော့ ထိုးစစ်ဆင်နိုင်ခြေမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာက မဟာမိတ်တွေထံမှာ လည်းဝင်တိုက်နေရတယ်။ ကရင်ပြည်၊ ရှမ်းမြောက်၊ ကချင်ပြည်နယ်တွေမှာဝင်တိုက်နေရတာရှိတယ်။ အဲဒါကြောင့် စစ်မျက်နှာတွေကများတယ်။ စစ်မျက်နှာတွေများလို့မတိုက်တာလားဆိုတော့ မဟုတ်ဘူး။ ကိုယ်တို့ ရခိုင်ပြည်နယ်မှာက ၂ နှစ်နီးပါးကြာတိုက်ပွဲပြုလုပ်ထားတဲ့ နေရာတစ်ခုမှာ ပြည်သူတွေက စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစစအရာရာနိမ့်ကျနေတဲ့ခြေအနေ၊ စစ်‌ဘေးရှောင်တွေလည်း သိန်းကျော်ရှိနေတဲ့အခြေအနေ၊ ဒီလောက် အခြေအနေတစ်ခုက ၂ နှစ်ထဲမှာဒီလောက်ဖြစ်သွားခဲ့ရတယ်။ တိုက်ပွဲရဲ့သဘောသဘာဝ အရတော့ အမြစ်ပြတ်ချေမှုန်းပစ်လိုက်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။

အခုအချိန်မှာ ရခိုင်ပြည်နယ်မှာက တပ်မတော်ကို မိမိတို့နိုင်ငံရေးအရ စျေးဆစ်လို့ရတဲ့ အခြေအနေ ဖြစ်နေတယ်။ ရက္ခိုင့်တပ်‌တော်က အများအား ဖြင့် မိမိတို့ထိန်းချုပ်လို့ရတဲ့ အနေအထားမှာ ရှိတယ်ဆိုတော့ တစ်ခြားတိုင်းရင်းသားတွေ တိုက်သလို မိမိတို့က တိုက်ခိုက်ဖို့ ဆိုတာကို AA က စဉ်းစားမယ်မဟုတ်ဘူးလို့မြင်တယ်။ ရခိုင်မှာ တပ်မတော်ဖက်ကလည်း ထိုးစစ်ဆင်ဖို့ဆိုတာ မလုပ်ဘူးလို့တော့ မြင်တယ်။ သူတို့မှာက တစ်နိုင်ငံလုံးမှာရန်သူတွေ သိပ်များနေတဲ့အချိန်မှာ နိုင်ငံတကာမှာလည်း ရန်သူတွေရှိနေတဲ့အချိန်မှာ ငြိမ်သက်နေတဲ့ရခိုင်မှာ လာပြီးတော့တိုက်ပွဲပြုလုပ်မှာမဟုတ်ဘူးလို့ ထင်တယ်။ တကယ်လို့ တိုက်ပွဲဖြစ်လာရင်လည်း တပ်မတော်ဖက်က နိုင်ငံရေးအရ၊ စစ်ရေးအရအရှုံးပဲရှိမယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်လာနိုင်ခြေနည်းတယ်လို့ထင်တယ်။

 share
ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်