aa
test1

ပြန်လွတ်မည်ဟု သတင်းထွက်နေသည့် AA တပ်မှူးချုပ်၏ ညီ အပါအဝင် ၈ ဦးအမှု ထပ်မံရုံးချိန်း


Western News -မေလ ၂၆ ရက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့်တရားစွဲဆိုခံထားရသည့် ရက္ခိုင့်တပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးမှာ ပြန်လွတ်မည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော်လည်း ယနေ့ ပြန်လွတ်လာခြင်းမရှိဘဲ ထပ်မံရုံးချိန်းလိုက်သည်။

မေလ ၂၆ ရက်နေ့ ယနေ့ ရုံးချိန်းတွင် စစ်ဆေးမည့် တရားလိုပြသက်သေဒုရဲမှူး မင်းမင်းသူရောက်ရှိလာခြင်းမရှိဘဲ ခွင့်တင်ထားသည့် အတွက် ဇွန်လ ၂ ရက်ကိုထပ်မံရုံးချိန်းလိုက်ခြင်းဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်မျိုးထွန်းက Western News ကိုပြောသည်။

“ အမှုအခြေအနေကတော့ ဇွန်လ ၂ ရက်ကိုပြန်ချိန်းလိုက်တယ်။ ဒီနေ့ကတော့ သက်သေကိုမစစ်ဖြစ်ဘူး။ သက်သေက မလာနိုင်လို့ ခွင့်တင်ထားတယ်။ ပြီးတော့ တရားလိုဖက်က အမှုစစ်ဥပဒေအရာရှိကလည်း နေပြည်တော်ကို စာမေးပွဲကိစ္စနဲ့ရောက်နေတယ်။ ဇွန်လ ၂ ရက်နော့မှတော့ အမှုကိုစစ်ဖြစ်မယ်”

ဟုပြောသည်။

ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးတို့မှာပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က AA ကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့စဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

AA တပ်မှူးချုပ် ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးထိမ်းသိမ်းခံထားရသူများမှာ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ဖြစ်သည်။

ကိုအောင်မြတ်ကျော်အပါဝင် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် ဒုရဲမှူးတင်ရွှေမှ တရားလိုပြုလုပ်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင်တရားရုံးတွင်တရားစွဲဆိုထားခြင်းဖြစ်သည်။ လက်ရှိတွင် ကိုအောင်မြတ်ကျော် အပါအဝင် ၈ ဦးအား အင်းစိန်ထောင်တွင်ဆက်လက်ထိန်းသိမ်းထားသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်