test1

တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရန် စာတင်ထားသော်လည်း ပြည်နယ်ကောင်စီမှ လျစ်လျူရှုထားဟုဆို


Western News – မေလ ၂၇ ရက်

ရခိုင်ပြည်နယ်၊ ကျောက်‌‌တော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းများတွင် ၁ နှစ်ကျော်ကြာခိုလှုံနေကြရသည့် တင်းမ ကျေးရွာသားများမှာ မိမိတို့နေရပ်သို့ပြန်နိုင်ရေး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြတောင်းဆိုထားသည်မှာ ၂ ကြိမ်အထိရှိနေပြီဖြစ်သော်လည်း တစ်စုံတစ်ရာအကြောင်းပြန်လာခြင်း မရှိသေးဟု ကျေးရွာသားများကပြောဆိုသည်။

နေရပ်ပြန်နိုင်ရန် စာတင်တောင်းဆိုထားသည်မှာ ဧပြီလ ၂၆ ရက်နေ့တွင် တစ်ကြိမ်၊ မေလ ၁၀ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် အထိ တင်ပြထားသော်လည်း လက်ရှိအချိန်ထိ ၎င်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာအကြောင်း ပြန်လာခြင်းမရှိသည့်အတွက် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လျစ်လျုရှုထားသလိုဖြစ်နေသည်ဟု စာတင်ပြတောင်းဆိုထားသည့် တင်းမ‌‌ကျေးရွာမှ ကျောင်းထိုင်ဆရာတော်ကမိန့်သည်။

“ ဆရာတော်က ရွာသားတွေနေရပ်ပြန်နိုင်ဖို့အတွက် ပြည်နယ်ကောင်စီကို ဧပြီလကတစ်ကြိမ်၊ အခုမေလ တစ်ကြိမ်စာတင်ထားတယ်။ တောင်းဆိုထားတဲ့စာနဲ့ပတ်သက်လို့အခုရှိထိ ကောင်စီကတစ်စုံတစ်ရာပြောဆို အကြောင်းကြားလာတာမရှိသေးဘူး။ ဆရာတော်တို့က နေရပ်ပြန်နိုင်ဖို့တင်ထားတဲ့စာကို ပြည်နယ်ကောင်စီက လျစ်လျုရှု့ထားတယ်လို့ပြောချင်တယ်။ အခုဆိုရင်ရွာသားတွေက စစ်ဘေးရှောင်စခန်းတွေမှာ ဖြစ်သလိုနေထိုင် စားသောက်နေကြရတယ်”ဟု ပြောသည်။

ယင်းအပြင် တင်းမကျေးရွာသားများမှာ စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေကြရသည်မှာ ၁ နှစ်ကျော်ရှိနေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တိုက်ပွဲများမှာလည်းရပ်တန့်နေပြီဖြစ်သဖြင့် ကျေးရွာသားများမှာ မိမိတို့ကျေးရွာ၌ ပြန်လည်အခြေချနေထိုင်လိုသည့်အတွက် ပြည်နယ်ကောင်စီကို စာတင်ပြတောင်းဆိုရခြင်းဖြစ်သည်ဟု ကျေးရွာသားများကပြောသည်။

သို့သော်လည်း ပြည်နယ်ကောင်စီအနေဖြင့် ကျေးရွာသားများတောင်းဆိုချက်ကို လျစ်လျုမရှုသင့်ကြောင်း၊ ယခုလို ဒုက္ခရောက်နေသည့် ပြည်သူများကိုအမြန်ဆုံးကူညီဆောင်ရွက်ပေးစေလိုကြောင်း တင်းမ‌ကျေးရွာမှ ရပ်မိ၊ ရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်ထွန်းညွန့်ကပြောသည်။
“ ကောင်စီအနေနဲ့ ကျွန်တော်တို့တောင်းဆိုထားတာတွေကို အမြန်ဆုံးဆောင်ရွက်ပေးစေချင်တယ်။ ကျွန်တော်တို့ ပြည်သူတွေ ဒုက္ခရောက်နေတာကိုလည်း တစ်ဖက်တစ်လမ်းမှကူညီဆောင်ရွက်ပေးပါလို့တောင်းဆိုချင်တယ်။ ဒါကိုအစိုးရတစ်ရပ်အနေနဲ့ လျစ်လျူမရှု့သင့်ဘူး” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်း ကို ဆက်သွယ်ခဲ့ရာ ၎င်း၏ တပည့်တစ်ဦးက ဦးလှသိန်းမှာအစည်းအ‌ဝေးသို့ရောက်ရှိနေသည်ဟုဆိုကာ ဖုန်းချ သွားခဲ့သည် ။ထို့ကြောင့် ပြည်နယ်ကောင်စီမှ မှတ်ချက်တစ်စုံတစ်ရာမရရှိခဲ့ပါ။

တင်းမကျေးရွာတွင် ယခင်ကအိမ်ခြေ ၅၈၅ ဆောင်ရှိသော်လည်း လက်ရှိအချိန်တွင် အိမ်ခြေ ၉၃ လုံးမှာပျက်စီးသွားပြီး၊ ကျန် ၁၃၂ လုံးမှာ မီးရှုံ့ခံလိုက်ရသည်။ ယင်းကြောင့် ကျေးရွာသားများအနေဖြင့် မိမိတို့နေရပ် သို့ပြန်နိုင် အချက် ၅ ချက်ကိုတောင်းဆိုထားခြင်း ဖြစ်သည်။

အဆိုပါတောင်းဆိုချက်များမှာ ကျေးရွာအတွင်းမှီခိုလုပ်ကိုင်စားသောက်နေသော လယ်မြေ၊ ယာမြေ၊ တောတောင်များအား မိုင်းနှင့် အခြားစစ်လက်နက်ပစ္စည်း များအားရှင်းလင်းပေးရန်၊ကျေးရွာအတွင်း လုံးဝပျက်/တစ်စိတ်တစ်ပိုင်းပျက်စီးနေသော နေအိမ်များအားပြန်လည်ဆောက်လုပ်ပြုပြင် ပေးရန်နှင့် လတ်တစ်လော လိုအပ်နေသော စားနပ်ရိက္ခာများအား ထောက်ပံ့ပေးရန်၊ တင်းမကျေးရွာအရှေ့ဖက် တောင်ရှည်တောင်တွင်တပ်စွဲထားသည့်တပ်စခန်းမှ တပ်မတော်သားများက ကျေးရွာ သားများအား တစ်စုံတစ်ရာအနှောက်အယှက်မပေးရန်၊ ဖမ်းဆီးခေါ်ဆောင်သွားသည့် တင်းမကျေးရွာ ၁၈ ဦးကို တပ်မ ၅၅ မှ ဖမ်းဆီးသွားခြင်းအပေါ် ထိရောက်သော စုံစမ်းမှုများပြုလုပ်ပေးရန် တောင်းဆိုသည်ဟု ပါရှိသည်။

တပ်မတော်အနေဖြင့် တင်းမကျေးရွာသားများပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာမသိရှိသေးကြောင်း ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်သော တပ်မတော်သတင်းမှန်ပြန်ကြား ရေးသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

ယင်းအပြင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက တင်းမကျေးရွာသားများနေရပ်ပြန် နိုင်မည့်ကိစ္စကို မီးလောင်သွားသည့်လက္ကာကျေးရွာနှင့် ဖားပြိုကျေးရွာတို့မှ နေအိမ်များကိုဆောက်လုပ်ပေးပြီးမှ စဉ်းစားသွားမည်ဖြစ်ကြောင်း ပြောသည်။
“တင်းမကိစ္စကိုတော့ ဖားပြိုရွာနဲ့လက္ကာရွာမှာ နေအိမ်တွေကိုဆောက်လုပ်ပေးပြီးမှ စဉ်စားသွားမယ်” ဟု ပြောသည်။

Western News- WN
ဓာတ်ပုံ- တင်းမဆရာတော်


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်