test1

မုန်တိုင်းကြောင့် စစ်ရှောင်တဲအိမ် ၃၂၅ ခန့်ပျက်စီးခဲ့၊ မိုးမကျမီပြန်လည်တည်ဆောက်ရန် အရေးပေါ်လိုအပ်နေ


Western News – မေလ၊ ၂၈ ရက်

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့မှစတင်ကာ တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း” ယာစ်(YAAS)”ကြောင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတို့မှ ယာယီတဲအိမ်လုံးပေါင်း ၃၂၅ ဆောင်ခန့်ပျက်စီးခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်း(REC) ၏ စာရင်းအရသိရသည်။

ယာယီတဲအိမ်များပျက်စီသွားခဲ့သည့် စစ်ဘေးရှောင်စခန်းများမှာပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲစစ်ဘေး ရှောင်စခန်း၊ မြောက်ဦးမြို့နယ်စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း၊ ကျောက်တော်မြို့နယ်တွင် တောင်မင်းကုလား စစ်ဘေးရှောင်စခန်း၊ ဝါးတောင်စစ်ဘေးရှောင်စခန်း၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်း ၊ မင်းပြားမြို့နယ်ဖားပြို စစ်ဘေးရှောင်စခန်းနှင့် မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းတို့ဖြစ်သည်။

အဆိုပါပျက်စီးသွားခဲ့သည့် ယာယီတဲအိမ် ၃၂၅ ဆောင်ခန့်တွင် ၁၀ ဆောင်မှာတဲအိမ်တစ်ခုလုံးပျက်စီးသွားခြင်းဖြစ်ပြီး ကျန် ၃၁၅ တဲအိမ်မှာ ခေါင်မိုးများလှန်သွားခြင်း၊ တဲအိမ်ခြေတိုင်များယိုင်သွားခြင်းစသည်ဖြင့် တစ်ဝက်တစ်ပျက် ပျက်စီးသွားခြင်းဖြစ်သည်ဟု ရခိုင်တိုင်းရင်းမျိုးနွယ်များအစည်းအရုံး(REC)၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောသည်။

“ပျက်စီးသွားတာကတော့အားလုံးပေါင်း လူနေအိမ် ၃၂၅ ဆောင်ဖြစ်ပါတယ်။ ၁၀ ဆောင်ကတော့လုံးဝပျက်စီး သွားတာပါ။ ကျန်တဲ့ အိမ်တွေကတော့ ခေါင်မိုးတွေလှန်သွားတာတွေ၊ ယိုင်သွားကြတာတွေဖြစ်ပါတယ်။ ကျန်တဲ့အဆောက်အဦးတော်တော်များများကလည်း အချိန်မရွေးပျက်စီးသွားနိုင်တဲ့အခြေနေမှာ ရှိနေတယ်။ လာမည့်မိုးရာသီမတိုင်ခင် အမြန်ဆုံးပြုပြင်ဖို့လိုက်တယ်”ဟု ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း” ယာစ်(YAAS)”ကြောင့် ယာယီတဲအိမ်ပေါင်း ၂၀ ကျော်ပျက်စီးသွားခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းတွင် ပျက်စီးသွားသည့် တဲအိမ်များပြန်လည် ဆောက်လုပ်နိုင်ရန် အတွက်ထောက်ပံမှု တစ်စုံတရာမရရှိသေးသဖြင့် စစ်ဘေးရှောင်များ နေထိုင်ရာ၌ အခက်အခဲ များရှိနေကြသည်ဟု စခန်းတာဝန်ခံဦးဖြူသာအောင် ကပြောသည်။

“ကျွန်တော်တို့ စခန်းမှာတော့ လူနေအိမ်၂၀ ကျော်ပျက်စီးသွားပါတယ်။ ခေါင်းမိုးတွေလှန်သွားတာတွေ ရှိတယ်။ ယိုင်သွားတာ တွေလည်းရှိတယ်။ ပျက်စီးသွားတာနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာထောက်ပံ ပေးကြတာတော့မရှိသေးပါဘူး။ လက်ရှိတွင် ပျက်စီးသွားသောအိမ်များအား မိမိတို့အစီစဉ်ဖြင့်သာ ပြန်လည်တည်ဆောက်နေကြရတယ်”ဟုသူကပြောသည်။

Western News-WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်