Plawet tsp water gate closed
test1

ပလက်ဝမြို့သို့ ရေကြောင်းနှင့် ကုန်းကြောင်းခရီး အသွားအလာများ ကန့်သတ်


Western News – မေလ၊ ၃၁ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ကုလားတန်မြစ်အထက်ပိုင်း၊ အောက်ပိုင်းသို့သွားသည့် ရေကြောင်းလမ်းနှင့် ကျောက်တော်-ပလက်ဝ လမ်းကြောင်းများကို အသွားအလာပိတ်ဆို့ထားကြောင်း ပလက်ဝဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ က ပလက်ဝမြို့ မြို့မရပ်ကွက်တွင် ရှေ့ဆင့်နောက်ဆင့် ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာထိုသို့ အသွားအလာပိတ်ဆို့ခြင်းကို မေလ ၃၀ ရက်နေ့မှစ၍ ပိတ်ဆို့ထားခြင်းဖြစ်ပြီး ခရီးသွားလိုလျှင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါမှသာ သွားလာခွင့်ရကြောင်း ပလက်ဝ ရုပ်ဝအုပ်ချုပ်ရေးမှူး ဦးလှသိန်းက ပြောသည်။

“အသွားလာ ကန့်သတ်တာက မေလ ၃၀ ရက်နေ့ကစပြီး ကန့်သတ်တာပါ။ ဟိုတလောကမြို့ထဲ မိုင်းနှစ်လုံးကွဲတယ်ဆိုတော့ လောလောဆယ်ပိတ်ထားတာနေမှာပေါ့၊၊ သွားမယ်လာမယ်ဆိုရင်တော့ ထွေအုပ်ရုံးမှာ ထောက်ခံစာယူရတယ်။ အဲဒီထောက်ခံစာကို ဂိတ်တွေမှာ တင်ပြပြီးမှဖြတ်သွားခွင့်ရပါ တယ်” ဟုဆိုသည်။

ယခုကဲ့သို့ကန့်သတ်ပိတ်ထားမှုမှာ မည်သည့်အချိန်ထိလမ်းကြောင်းများပြန်လည်ဖွင့်ပေးမည်ကို မသိရသေးဘဲ ယခုကဲ့သို့ ပိတ်ဆို့မှုကြောင့် ဒေသခံများအနေဖြင့် သွားရေးလာရေးအခက်အခဲများဖြစ်နေရသည်ဟု ပလက်ဝဒေသခံ တစ်ဦးဖြစ်သည့် ဦးသင်္ခါကျော်မှ ပြောသည်။

“ပေါက်ကွဲမှုဖြစ်ပြီးနောက် အသွားအလာတွေပိတ်ထားပါတယ်။ ဘယ်နေ့အထိပိတ်မယ်ဆိုတာလည်းမသိရပါဘူး။ တစ်နေရာက တစ်နေရာသွားရင် မှတ်ပုံတင်တွေ၊ အိမ်ထောင်စုစာရင်းတွေ၊ ပါလာတဲ့အိပ်တွေ အကုန်စစ်ပါတယ်။ ခုလိုပိတ်ထားတော့ သွားလာရတာတွေ အတော်ခက်ခဲတာပေါ့၊၊ နယ်ဘက်ကနေ မြို့ပေါ်သွားရတာတောင်မလွယ်ပါဘူး” ဟုဆိုသည်။

လက်ရှိတွင် ကုစည်းနှုန်းများစျေးမြှင့်တက်မှုများရှိနေပြီး လမ်းကြောင်းများ တာရှည်ပိတ်မည်ဆိုလျှင် ကုန်စည်စီးဆင်းမှုများနှောင့်နှေးပြီး ကုန်ဈေးနှုန်းများ နောက်ထပ်တက်လာမည်ကို စိုးရိမ်မိကြောင်း ပလက်ဝဒေသခံများက ဆက်ပြောသည်။ မြို့ပေါ်တွင်လည်း ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ည ၇ နာရီမှ နံနက် ၆ နာရီအထိအချိန်ကန့်သတ်ထားသည်။

ပလက်ဝမြို့ပေါ်တွင် ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့၌ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် မြန့်မာ့စီးပွား ရေးဘဏ်ရှေ့တွင်တို့တွင် မိုင်းပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ ပေါ် ရှိ ချင်းလူငယ် ၁၀ ဦးထက်မနည်း တပ်မတော်မှ ခေါ်ယူစစ်ဆေးမှုများရှိနေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ စီမံအုပ်ချုပ်ရေးမှူးကောင်စီဥက္ကဋ္ဌ ဦးအောင်လောဟာကို Western News က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ကိုင်ဖြေဆိုခြင်းမရှိခဲ့ပေ။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်