test1

မင်းပြားတွင် ညမထွက်ရအမိန့် ၂ လ ထပ်တိုး ထုတ်ပြန်


Western News – ဇွန်လ၊ ၂ ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် “ညမထွက်ရ” အမိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ယနေ့ ဇွန်လ ၂ ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာလိုက်ကြောင်းသိရှိရသည်။

အဆိုပါ အမိန့်တွင် မင်းပြားမြို့နယ်နိမိတ်အတွင်း အများပြည်သူများ သွားရာလမ်းများနှင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာ တို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခွင့်မရှိကြောင်းပါရှိသည်။ ယင်းအမိန့်သည် ယနေ့မှစ၍ နှစ်လမျှအတည်ဖြစ်ကြောင်း အမိန့်စာတွင်ပါရှိသည်။

ရခိုင်ပြည်အတွင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်စေသော မိုင်းဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရဲစခန်း/ကင်း စသည်တို့ကို ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်စဉ်များ ဖြစ်ပွားခဲ့၍ ဤကဲ့သို့အမိန့်ထုတ်ပြန်ရခြင်း ဖြစ်ကြောင်းလည်းပါရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်ပြားမြို့ မြို့သစ်ရပ်ကွက်(အလယ်ပိုင်း) အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းရွှေ အား မေးမြန်းကြည့်ရာ အဆိုပါအမိန့်စာထွက်ရှိသည်မှာ ဟုတ်မှန်ကြောင်းနှင့် မြို့၏နေရာအနှံ့တွင် ကြေညာစာတမ်းများ ထုတ်ပြန်ပြီးပြီဖြစ်ကြောင်းပြောသည်။

“အမိန့်စာ က ၂ ရက်နေ့ နေ့စွဲနဲ့ထွက်လာတာပါ၊၊ ကျနော်တို့တောင် မြို့ထဲမှာ ကြေငြာစာကိုသွား နေရာအနှံ့သွား ကပ်ပြီးပါပြီ”

ဟုဆိုသည်။

မင်းပြားမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ပြီးခဲ့သည် ၂၀၁၉ ခုနှစ်က တိုက်ပွဲများစ၍ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရ အမိန့် အား ၂ လတစ်ကြိမ် ပုံမှန်ထုတ်ပြန်ခဲ့သည်မှာယနေ့ အချိန်အထိဖြစ်သည်။ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုမရှိသည်မှာ ၈ လနီးပါးကြာလာပြီးဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်