test1

ပြည်နယ် ၃ ခုတွင် ၄ လ အတွင်း နေရပ်စွန့်ခွာထွက်ပြေးသူ ၁ သိန်း ၅ သောင်းကျော်ရှိဟု UN ထုတ်ပြန်


Western News – ဇွန်လ ၂ ရက်

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ မေလ ၃၁ ရက်နေ့ထိ ၄ လ အတွင်း တိုက်ပွဲနှင့် လုံခြုံရေး အခြေအနေကြောင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးအရှေ့ပိုင်းတို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁၅၁၀၀၀ ခန့်ရှိနေပြီဟု UN က ယနေ့ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြားက တိုက်ပွဲများကြောင့် ကရင်ပြည်နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၄၇၃၀၀ ဦး နှင့် မွန်အပါ အဝင် ပဲခူးအရှေ့ပိုင်းတွင် နေရပ်စွန့်ခွာကာ တိုက်ပွဲရှောင်နေရသူ ၃၉၀၀ ဦးရှိနေသည်ဟု United Nations OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူပင် ကယားပြည်နယ်တွင်လည်း တပ်မတော်နှင့် ကရင်နီတပ်မတော်၊ ကရင်နီပြည်သူ့ကာကွယ်ရေး တပ်မတော် တို့ကြားတိုက် ပွဲများဖြစ်ပွားနေသည့်အတွက် မေလ ၃၁ရက်နေ့ ထိထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ ၈၅၀၀၀ မှ ၁၀၀၀၀၀ ကြားရှိနေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

လက်ရှိတွင် အဆိုပါ နေရပ်စွန့်ခွာနေသူများမှာ ဒီမော့ဆို၊ ဖရူဆို၊လွိုင်ကော်၊ ဆီဆိုင်နှင့် ဖယ်ခုံမြို့နယ်များတွင် ယာယီခိုလှုံနေကြပြီး ၎င်းတို့အတွက် အစားအစား၊ အမိုးအကာ ၊ ဆေးဝါး၊ သောက်သုံးရေနှင့် မိလ္လာစနစ်တို့ အရေးတ ကြီးလိုအပ်နေဟု UN ကထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းချိန်းမှ စ၍ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်( NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်တို့ကြား တိုက်ပွဲ ဖြစ်ပွားမှုများရှိသလို NCAလက်မှတ် မရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုင်းရင်း သားဒေသများတွင် နေ့စဉ် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

Western News- WN
ဓာတ်ပုံ- AFP

 share
ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်