Taung Gup tsp rakhine
test1

တောင်ကုတ်မြို့ မိုးပညာဒါနကျောင်းမှ ပရဟိတလူငယ်များ AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရ


Western News – ဇွန်လ၊ ၆ ရက်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ မိုးပညာဒါန ပရဟိတသင်တန်းကျောင်းတွင် ပရဟိတလုပ်ကိုင်ပေးနေသည့် လူငယ်များ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရကြောင်း မိသားစုဝင်များမှ Western News ကို ပြောသည်။

ဇွန်လ ၅ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီလောက် တောင်ကုတ်မှ သံတွဲကိုကားဖြင့် သွားစဉ်တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် ထဲတွင် ၎င်းပရဟိတကျောင်း၏ ဥက္ကဋ္ဌ ကိုအောင်ဝင်းလှိုင်နှင့် တခြား ဂေါပကအဖွဲ့ဝင်များပါသွားကြောင်း မိုးပညာဒါနပရဟိတကျောင်းမှ ဆရာတော် ဒေါက်တာအရှင်သီရိနန္ဒ ကမိန့်သည်။

“ကျောင်းက ပရဟိတလုပ်နေတဲ့ အဖွဲ့ဝင်တွေကို ဖမ်းသွားတယ်လို့ တကာတကာမတွေက ဆရာတော့်ဆီဖုန်းဆက် ကြပါတယ်။ ဖမ်းခံရတဲ့အထဲမှာ ကျောင်းဥက္ကဋ္ဌ အောင်ဝင်းနိုင်ရယ် တစ်ခြားဂေါပကအဖွဲ့ဝင်တွေ ပါသွားတယ်လို့သိရပါတယ်။ ဆရာတော်လည်း ကျောင်းမှာမရှိဘူး။ ခရီးလွန်နေတယ်။ မနေ့က နေ့လည် ၁၂ နာရီဝန်းကျင်လောက် အောင်ဝင်းနိုင်ဆီ ဖုန်းဆက်ကြည့်တယ် အခေါက်ရေ ၂၀ ကျော်လောက်ခေါ်တယ်၊၊ ဖုန်းမကိုင်ဘူး” ဟုပြောသည်။

အဆိုပါသင်တန်းကျောင်းသည် တောင်ကုတ်မြို့နှင့် ၈ မိုင် ၄ ဖာလုံကွာဝေးသည့် မိုးတောင်တွင် ရှိပြီး ယခု ၂၀၂၁ ခုနှစ် ဧပြီလ အစောပိုင်းလောက်က စတင်အကောင်ထည်ဖော် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အဆိုပါကျောင်းတွင် Computer, English, Workshop နှင့် တစ်ခြားအသက်မွေး ဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးရန်စီစဉ်ထား ကြောင်းနှင့် ယခုနှစ်တွင်အသက် ၂၅ နှစ်၊ အသက် ၃၅ မှ ၄၀ ဝန်းကျင်ရှိ သည့် ကျောင်းသား ၅၀ ကျော်ကို သင်ကြားပေးရန်ပြင်ဆင် နေခြင်းဖြစ်ကြောင်းသိရသည်။

ပရဟိတလူငယ်များမှာ တောင်ကုတ်မှ သံတွဲသို့ ကားဖြင့်သွားရာ လမ်း၌ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့် ကိုအောင်ဝင်းလှိုင်နှင့် ဆွေမျိုးတော်စပ်သူ ကိုနေလင်းအောင် ကပြောသည်။

“သူတို့က သံတွဲကို ကားနဲ့အတူသွားကြတာ။ သံတွဲမရောက်ဘဲ လမ်းမှာ AA နဲ့ဆက်စပ်တယ် ဆိုပြီးတော့ တပ်ရင်း ၃၄၆ က ဖမ်းသွားတာလို့ကြားပါတယ်။ သူတို့က ကျေးရွာ မြို့နယ်တွေမှာ အလှူခံပြီး မိုးပညာဒါနကျောင်းကို ထောက်ပံ့နေတာပါ” ဟုဆိုသည်။

ဖမ်းဆီးခံရသည့် ကိုအောင်ဝင်းနိုင်၏ အမျိုးသမီးဖြစ်သူ မတွယ်တာစိုးမှ တပ်မှဖမ်းဆီးသွားသည်ဟုလူတစ်ယောက် လာပြောကြောင်း၊ ၇ ယောက်ပါသွားသည်ဟုသိရကြောင်းနှင့် တပ်ထဲတွင်စစ်ဆေးနေသည်ဟုကြားကြောင်းပြောသည်။

“သူက မနေ့က မနက် ၈ နာရီလောက်မှာ သံတွဲကို ကားနဲ့ထွက်သွားပါတယ်။ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ လူတစ်ယောက် ဖုန်းဆက်လာတယ်။ ကျမယောက်ကျားကို တပ်ရင်း ၃၄၆ က စစ်သားတွေဖမ်းသွားတာမြင်လိုက်တယ်ဆိုပြီးပြောတယ်။ ထပ်စုံစမ်းကြည့်တော့ တပ်ထဲမှာရှိတယ် စစ်ဆေးနေတယ်လို့ပြောပါတယ်” ဟုဆိုသည်။

ဖမ်းဆီးခံရသည့် သူများထဲတွင် ကိုအောင်ဝင်းလှိုင် (အသက် ၄၀ ကျော်) တစ်ဦးကိုသာ အတည်ပြုနိုင်သေးပြီး ကျန်ဖမ်းဆီးခံရသည့် သူများကို Western News မှစုံစမ်းနေဆဲဖြစ်သည်။ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စီမံချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား Western News က ဆက်သွယ်ရာတွင် ယင်းဖြစ်စဉ်အားသူမသိရှိသေးကြောင်း ပြန်လည် ဖြေဆိုသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်